ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဇွန် ၂၂

 

ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body – BGB) ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ရုပ်မြင်သံကြားနှင့် အသံလွှင့် လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ရုပ်သံလွှင့်လုပ်ငန်း ဆောင်ရွက်ခွင့်ရရှိကြပြီးဖြစ်သည့် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် အွန်လိုင်းမီဒီယာကိုလည်း တစ်ပါတည်း ခွင့်ပြုမိန့်ရရှိထားခြင်းဖြစ်ရာ မူရင်းရုပ်သံထုတ်လွှင့်မှုအပြင် အွန်လိုင်းမီဒီယာကိုလည်း တည်ဆဲဥပဒေပါ အချက်များ၊ စာချုပ်ပါအချက်များ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များ၊ ကျင့်ဝတ်များ နှင့်အညီ လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း၊ ခွင့်ပြုချက်မရှိဘဲ ထုတ်လွှင့်နေကြသည့် အွန်လိုင်းမီဒီယာ လုပ်ငန်းများကိုလည်း မှတ်ပုံတင်ပြီး စိစစ်ဆောင်ရွက်နိုင်ရေး၊ လိုအပ်သောညွှန်ကြား ချက်များ ထပ်မံထုတ်ပြန်နိုင်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ရုပ်သံထုတ်လွှင့်မှုများ အမှားအယွင်း ကင်းစေရေးနှင့် ပတ်သက်၍လည်းကောင်း၊ အဖွဲ့ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်တို့က ရုပ်သံထုတ်လွှင့်နေမှုများနှင့် ပတ်သက်၍ လည်းကောင်း၊ တာဝန်ရှိသူများက စက်မှုပိုင်း၊ ရုပ်မြင်ပိုင်း၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာများနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးပြောကြားကြသည်။

 

ထို့နောက် တက်ရောက်လာကြသော ရုပ်သံလွှင့်ကုမ္ပဏီများ နှင့် FM ရေဒီယိုများမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်