နေပြည်တော် ၁ မတ်
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေရေးဆွဲနိုင်ရန်အတွက် ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေရေးဆွဲရေးကော်မတီ၏ (၁/၂၀၁၉) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်သံလုပ်ငန်းများ စနစ်တကျ ညီညွတ်မျှတစွာ ဆောင်ရွက်နိုင်ရေးအတွက် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းဥပဒေနှင့်အညီ ယခု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း)ကို ရေးဆွဲပြီးဖြစ်ပါကြောင်း၊ ယင်းနည်းဥပဒေ(မူကြမ်း)ထဲတွင် ရုပ်သံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်၊ အများပြည်သူအတွက် ရုပ်သံအစီအစဉ်ပေါင်းများစွာ ကြည့်ရှုနိုင်ရန်၊ ရုပ်သံလုပ်ငန်းများ များစွာလုပ်ကိုင်လာနိုင်ရန် လမ်းဖွင့်ပေးသည့်အပိုင်း၊ အရည်အသွေး မနိမ့်ကျအောင် ထိန်းသိမ်းရသည့်အပိုင်း စသည့် ဆွေးနွေးသုံးသပ်ရမည့် ကဏ္ဍရပ်များစွာ ပါဝင်သည့်အတွက် ပြည့်ပြည့်စုံစုံ စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် ယင်းနည်း ဥပဒေ(မူကြမ်း)ကို ဝိုင်းဝန်းသုံးသပ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း) ရေးဆွဲထားမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နှင့် မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်းတို့မှ တာဝန်ရှိသူများက နည်းဥပဒေ ရေးဆွဲရာတွင် လိုက်နာသူများ ကျင့်သုံးနိုင်သည့် ပြဋ္ဌာန်းချက်များဖြစ်စေရေး၊ ပင်မဥပဒေကို လွှမ်းမိုးသည့်၊ ကျော်လွန်သည့် ပြဋ္ဌာန်းချက်များ မပါရှိစေရေး၊ ခေတ်ကာလအခြေအနေ၊ နိုင်ငံတကာ သဘောတူညီချက်များ၊ တည်ဆဲဥပဒေများနှင့် လိုက်လျောညီထွေမှု ရှိစေရေးဆိုင်ရာ ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် အမြဲတမ်းအတွင်းဝန်တို့က ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေ (မူကြမ်း)နှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
(သတင်းစဉ်)


