မန္တလေး ၂၃ ဇန်နဝါရီ


ရုပ်ပျိုတိုင်းရင်းဆေးမှ ချောင်းဆိုးပျောက်ဆေးရည်နှင့် မန်းဆေးများကို သုတေသနပြုလုပ်ပြီး စမ်းသပ်ထုတ်လုပ်မည်ဖြစ်ကြောင်း ရုပ်ပျိုတိုင်းရင်းဆေး ကုမ္ပဏီမှ သိရသည်။


အသစ်ထုတ်လုပ်မည့် ဆေးအသစ်များသည် ရုပ်ပျိုတိုင်းရင်းဆေးကုခန်းတွင် လာရောက်ကုသသည့် လူနာများ အဖြစ်များသည့် ရောဂါ ၊ သုံးစွဲမှုများသည့် ဆေးဝါးများအပေါ်အခြေခံပီး ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။


"ထုတ်မယ်ဆိုပြီး သပ်သပ်ဖော်တဲ့ဆေးတော့ မဟုတ်ဘူး။ အရင်တည်းကလည်း ကျွန်တော်တို့မှာ ရုပ်ပျိုဆေးကုခန်း ရှိပြီးသား။  ကုတဲ့လူနာတွေပေါ်မှာ အခြေခံပြီး ဘယ်လူနာတွေကတော့ အခုချိန်မှာ ဘယ်ရောဂါ အဖြစ်များတယ်။ ပိုပြီးတော့ လည်း သုံးစွဲလာကြတာရှိတဲ့ အချိန်မှာ ကျွန်တော်တို့ မြန်မာတစ်ပြည်လုံး သုံးလို့ရအောင်ထုတ်မယ့် သဘောပဲ။ နှစ်တိုင်း ဆေးအသစ် တစ်မျိုးကတော့ အနည်းဆုံး ရအောင်ထွက်ဖို့တော့ စီစဉ်ထားပါတယ်'' ဟု ရုပ်ပျိုတိုင်းရင်းဆေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သက်နိုင် ကပြောသည်။ 


ယခုထုတ်လုပ်သည့်ဆေးများ၊ ထပ်မံထုတ်လုပ်မည့် ဆေးများကို ရုပ်ပျိုတိုင်းရင်းဆေးစက်ရုံ၏ Research & Development စင်တာတွင် သုတေသနပြုလုပ်ပြီး စနစ်တကျ ထုတ်လုပ်ထားကြောင်း သိရသည်။ 


ရုပ်ပျိုတိုင်းရင်းဆေး ကုမ္ပဏီသည်  ဆေး ၉ မျိုးကို မှတ်ပုံတင်ထားပြီး တရားဝင် ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။ ရုပ်ပျိုတိုင်းဆေး စက်ရုံသည် ရွှေဘိုမြို့ ရန်ကြီးအောင်လမ်းမတွင် တည်ရှိသည်။ 


အိမို့မို့ခိုင်