ရန်ကုန် ၂၇ မေ

 

 

ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အာယုသုခုမအဖွဲ့က ပထမအကြိမ် ကူညီထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၁၆) ဝင်္ကပါလမ်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရှိ (MMPO Cinema)ရုပ်ရှင်ရုံ၌ ကျင်းပသည်။

 

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး   ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် အလှူရှင် အာယုသုခုမ အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အာယုသုခုမအဖွဲ့၏ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကူညီထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

 

အာယုသုခုမအဖွဲ့၏ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပထမအကြိမ် ကူညီထောက်ပံ့ငွေများမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအတွက် ငွေကျပ် ၆၅ သိန်း၊ မြန်မာနိုင်ငံ သဘင် အစည်းအရုံးအတွက် ငွေကျပ် ၇၅ သိန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးအတွက် ငွေကျပ် ၂၅ သိန်း စုစုပေါင်း ငွေကျပ် ၁၆၅ သိန်းဖြစ်ကြောင်း သိရသည်။

 

 

သတင်း-ဇော်မင်းလတ်၊ ဓာတ်ပုံ-ကိုကိုဇော်