ရန်ကုန် ၁ ဧပြီ
ရုပ်ရှင်အနုပညာလုပ်ငန်းကို စိတ်ပါဝင်စားသူ အသက် ၁၂ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကလေးများအား မြေတောင်မြှောက်ပေးရန်ရည်ရွယ်၍ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ JCGV နှင့် MMDC တို့ ပူးပေါင်းဖွင့်လှစ်သည့် ရုပ်ရှင်အနုပညာဖန်တီးမှုသင်တန်း JCGV Toto’s Film Making Class ကို ဧပြီ ၁ ရက်မှ ၈ ရက်အထိ အခမဲ့ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း ယနေ့နံနက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၅၀) ရွှေတောင် ကြားလမ်း အနုပညာရပ်ဝန်းစင်တာ၌ကျင်းပသည့် သင်တန်းဖွင့်ပွဲမှ သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က သင်တန်းဖွင့်ခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး Toto’s Film Making Class မှ စီမံကိန်းမန်နေဂျာ ဒေါ်နန္ဒာဝင်းက သင်ကြားပို့ချပေးသွားမည့် ဘာသာရပ်များနှင့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
သင်တန်းတွင် ဒါရိုက်တာကြည်စိုးထွန်းနှင့် ဒါရိုက်တာညီညီထွန်းလွင်တို့က အဓိက သင်ကြားပို့ချသွားမည်ဖြစ်ပြီး သရုပ်ဆောင်နှင့်ဒါရိုက်တာများ ဖြစ်ကြသည့် ဦးထူးသာ၊ အေဝမ်းသိန်းထွဋ်၊ မျိုးဇော်အောင်၊သမန်းကျားကိုမြင့်နှင့် ကျော်နှင်းဆီတို့က အဖွဲ့ခွဲများဖွဲ့ကာ ဘာသာရပ်အလိုက် ကူညီသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“လျှောက်လွှာတွေကို ပြီးခဲ့တဲ့ဒီဇင်ဘာလက JCGV Toto’s Film Making Class အွန်လိုင်းစာမျက်နှာနဲ့ JCGV ရုပ်ရှင်ရုံတွေကနေ ခေါ်ယူခဲ့ပါတယ်၊မတ်လ၁၆ ရက်နေ့မှာ လျှောက်ထားတဲ့ အယောက်၈၀ထဲကနေဆရာတွေက လူတွေ့စစ် ဆေးပြီး ဆန်ခါ တင်အယောက်၃၀ ခေါ်ယူပြီးသင်တန်းပို့ချသွားတာဖြစ်ပါတယ်၊ နောင်နှစ် တွေမှာလည်း ဆက်လက်ဖွင့်လှစ်ဖို့ စီစဉ်သွားမှာပါ” ဟုစီမံကိန်းမန်နေဂျာ ဒေါ်နန္ဒာဝင်းက ပြောသည်။
အဆိုပါသင်တန်းကိုတက်ရောက်သူအသက်၁၃နှစ်အရွယ် မောင်ဥက္ကာနိုင်ဦးက “ဖြစ်ချင်တဲ့ ဆန္ဒကတော့ ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ပါ၊ သင်တန်းမှာ သင်ကြားပို့ ချတာတွေကိုလည်း အကုန်လေ့လာမှတ်သားပါ့မယ်၊ တက္ကသိုလ်ပညာဆက်လက် တက်ရောက်တဲ့ အခါမှာလည်း ရုပ်ရှင်ပညာနဲ့ပတ်သက်တဲ့ ဘာသာရပ်ကို သင်ယူသွားဖို့ စိတ်ကူးထားပါတယ်” ဟု ၎င်း၏စိတ်ကူးကိုပြောသည်။
သင်တန်းတွင်ဇာတ်ညွှန်းရေးခြင်း ၊ရိုက်ကူးခြင်း ၊သရုပ်ဆောင်ခြင်း၊ တည်းဖြတ် ခြင်း၊ ပရိသတ်စိတ်ဝင်စားမှုရရန်ဆောင်ရွက်ခြင်းနှင့် ဇာတ်ကားပြသခြင်းတို့ကို ဘာသာ ရပ်များအလိုက် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ပြင်ပလေ့ကျင့်ရိုက်ကူးမှု အပါအဝင် အနုပညာရပ်ဝန်း စင်တာနှင့်MMDC တို့၌ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-မြတ်စန္ဒီ၊ဓာတ်ပုံ-လှမိုး