ရုပ်ရှင်အသစ်မှာ မကြာမီ တွေ့မြင်ရတော့မယ့် ဆူဇီ

နေပြည်တော် ၂၁ ဖေဖော်ဝါရီ 

 

တောင်ကိုရီးယားရဲ့ နာမည်ကျော် ကေပေါ့ပ်ကြယ်ပွင့်အဖြစ်  “MissA” မှာ ပါဝင်လှုပ်ရှားခဲ့ရင်း နောက်ပိုင်းမှာ သရုပ်ဆောင်နယ်ပယ်မှာပါ အောင်မြင်မှုတွေ ရလာခဲ့တဲ့ ဆူဇီဟာ မကြာမီမှာ ရုပ်ရှင်ရိုက်ကူးရေးဘက်ကို ပြန်လည် ခြေလှမ်းလာတော့မှာဖြစ်ကြောင်း လတ်တလောမှာ ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ဆူဇီဟာ သူ့ရဲ့တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို ပြီးခဲ့တဲ့လအတွင်းမှာ ထုတ်လွှင့်ခဲ့ပြီး လတ်တလောမှာတော့ ယင်းတေးအယ်လ်ဘမ်သစ်အတွက် အရောင်းမြှင့်တင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ယင်းတစ်ကိုယ်တော်လှုပ်ရှားမှုတွေ ပြီးပြီးချင်းမှာပင် ရုပ်ရှင်ဘက်ကို စတင်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်းကတော့ ဆူဇီဟာ ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “Come and Hug Me”မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သွားဖို့ရာ စဉ်းစားနေကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ တွဲဖက်သရုပ်ဆောင်ရမယ့် ခေါင်းဆောင်မင်းသားကတော့ နမ်ဂျိုဟွတ်ခ် ဖြစ်ပါတယ်။

 

လတ်တလောအချိန်အထိ တစ်စုံတစ်ရာ တရားဝင်အတည်ပြုခဲ့တာ မရှိပေမယ့် ဆူဇီဟာ ယခုလအကုန်မှာ ပရိုမိုးရှင်းလုပ်ငန်းတွေ ပြီးဆုံးတော့မှာကြောင့် ရုပ်သံဇာတ်လမ်းတွဲသစ်ကို လက်ခံရိုက်ကူးပေးသွားမှာဖြစ်ကြောင်း သတင်းတွေ ထွက်လာခဲ့ပါတယ်။ ဆူဇီရဲ့ အေဂျင်စီကလည်း လတ်တလော အချိန်အထိတော့ “Come and Hug Me”မှာ ဆူဇီ ပါဝင်သွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

 

အေးပြည့်