ရန်ကုန် ၁၂ အောက်တိုဘာ
ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုလေ့လာပြီး ရှုထောင်မျိုးစုံမှ ခွဲခြမ်းစိတ်ဖြာ လေ့လာတတ်စေရန်နှင့် အတွေးအမြင်ကောင်းများ၊ ဗဟုသုတများမျှဝေပေးနိုင်ရန်ရည်ရွယ်၍ ရုပ်ရှင်ဇာတ်ကား ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း အစီအစဉ်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း အမှတ် (၅၀)ရှိ ရုပ်ရှင်အနုပညာရပ်ဝန်းမှ ရုပ်ရှင်ပြခန်းမ၌ အောက်တိုဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပမည်ဖြစ်သည်။
အစီအစဉ်တွင် ဒါရိုက်တာ JIA ZHANG-KE ရိုက်ကူးခဲ့သည့် " Still Life " ရုပ်ရှင်ဇာတ်ကားကိုပြသပြီး ၎င်းဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (Film And Reality) ကို ဇာတ်ညွှန်းရေးဆရာ ဒေါက်တာအောင်မင်း က ဦးဆောင်၍ သုံးသပ်ဆွေးနွေးကြမည် ဖြစ်သည်။
အဆိုပါ Still Life ရုပ်ရှင်ဇာတ်ကားသည် Art House Film အမျိုးအစားဖြစ်ပြီး ၂၀၀၆ ခုနှစ်၊ အီတလီနိုင်ငံ၌ ကျင်းပခဲ့သည့် Venice Film Festival တွင် ဇာတ်ကားဆုနှင့် ၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် Asian Film Festival တွင် ဒါရိုက်တာဆုရရှိခဲ့သော ရုပ်ရှင်ဇာတ်ကားဖြစ်သည်။
ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့မှ Cinematheque Program ၏ ကဏ္ဍခွဲတစ်ရပ်ဖြစ်သည့် ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းအစီအစဉ်ကို စက်တင်ဘာ ၁၆ ရက်နေ့တွင် ဒါရိုက်တာ Edward Yang ၏ “Yi Yi” ရုပ်ရှင်ဇာတ်ကားဖြင့် လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက်နေ့တွင် ဒါရိုက်တာ Jean-Pierre and Luc Dardenne ၏ "Rosetta" ဇာတ်ကားဖြင့်လည်းကောင်း Film Analysis ဆောင်ရွက်ခဲ့ပြီး ယခုကျင်းပခြင်း သည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်