ရန်ကုန် ၁၆ စက်တင်ဘာ
Cinematheque Program ၏ ကဏ္ဍခွဲတစ်ခုဖြစ်သော ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (Film Analysis) အခမ်းအနားကို ယနေ့ မွန်းလွဲ ပိုင်းက ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၊ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ တို့ပူးပေါင်း၍ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရန်ကုန်မှ ရုပ်ရှင်ပညာကို စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများ၊ ရုပ်ရှင်ပညာကိုစိတ်ဝင်စားသည့် လူငယ်များနှင့် ပြင်ပရုပ်ရှင်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ရုပ်ရှင်မြှင့်တင်ရေးကော်မတီ အဖွဲဝင် ဒေါက်တာ အောင်မင်း က ထိုင်ဝမ် လှိုင်းသစ် ရုပ်ရှင် ၏ ခေါင်းဆောင်ဖြစ်သူ Edward Yang ရိုက်ကူးထားသည့် Yi Yi ရုပ်ရှင်ဇာတ်လမ်း နှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီး ဇာတ်ကားကို ကြည့်ရှုကြသည်။
ထို့နောက် ရုပ်ရှင်မြှင့်တင်ရေးကော်မတီ အဖွဲဝင် ဒေါက်တာ အောင်မင်း က ရုပ်ရှင်ဇာတ်ကား တစ်ကားလုံး အပေါ် အသေးစိတ် ခွဲခြမ်းစိတ်ဖြာသည့် လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများနှင့် ဆွေးနွေးမှုများပြုလုပ်သည်။
ရုပ်ရှင်မြှင့်တင်ရေးကော်မတီ အဖွဲဝင် ဒေါက်တာ အောင်မင်း က ``အခုနောက်ပိုင်းထွက်လာမယ့် လူငယ် Film Maker တွေကို ရုပ်ရှင်ကြည့်ပြီး ရုပ်ရှင်ကို ဘယ်လို ခွဲခြမ်းစိတ်ဖြာသလဲဆိုတာတွေကိုဆွေးနွေးတယ်။ ကျွန်တော်တို့သိထားတဲ့ အသိပညာတွကို မျှဝေပေးတာပါ။ ဒီပွဲကနေ သူတို့အနေနဲ့ အတွေးသစ် အမြင်သစ်တွေရရှိပြီး ကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်ကား မူကွဲတွေ ရိုက်နိုင်အောင် ရည်ရွယ်တာပါ။ လူငယ် Film Maker တွေကို ဦးတည်ပြီးလုပ်တာပါ။ ဒီနေ့ပွဲက ပထမဆုံးအကြိမ်ပါ။ ဆက်လက်ပြီးတော့လည်း လစဉ် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်´´ ဟုပြောသည်။
ယနေ့ပြသသည့် ``Yi Yi´´ဇာတ်ကားသည် Hollywood ရုပ်ရှင်ဇာတ်ကားများကဲ့ သို့ ဖျော်ဖြေရေးသက်သက်မျိုး မဟုတ်ဘဲ ရုပ်ရှင်ကိုကြည့်ရှုပြီး ခံစားမှုမှတဆင့် လက်တွေ့ဘဝကို နားလည်ခံစားနိုင်အောင် သဘာဝကျကျ ပုံဖော်ရိုက်ကူး သော ရုပ်ရှင် ဇာတ်ကား ဖြစ်ကြောင်းသိရသည်။
ရန်ကုန် ရုပ်ရှင်ကျောင်း တက်ရောက်နေသူ ကိုထွန်းတောက်မိုးသူ က``ရုပ်ရှင်ကြည့်တတ်အောင် အရင်လေ့လာမှ ရုပ်ရှင်ပညာကို ဆည်းပူးလို့ရမှာပါ။ အခုကြည့်ခဲ့ရတဲ့ ဇာတ်ကားမှာ ဇာတ်ကောင်တွေအများကြီးပါဝင်တဲ့ အတွက် ဆွေးနွေးစရာ အကြောင်းအရာတွေ အများကြီးပါတယ်။ ဆွေးနွေးပွဲပြီးတာတောင် ဆွေးနွေးစရာတွေအများကြီး ကျန်ခဲ့ပါတယ်။ ရုပ်ရှင်ခေတ်သစ်တစ်ခု ဖြစ်ဖို့ ကျွန်တော်တို့အနေနဲ့ ရုပ်ရှင်ကြည့်တတ်ရမယ်။အဲလိုကြည့်တတ်မှ ကျွန်တော်တို့အနေနဲ့ ရုပ်ရှင်ကားတွေ ခံစား ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ဇာတ်ကားထဲကနေ ဒါရိုက်တာတွေ၊ Film Maker တွေက ဘာကိုပြောချင်သလဲ ဆိုတဲ့အကြောင်းအရာကိုရှာဖို့လိုတယ်´´ ဟုပြောသည်။
ဆွေးနွေးမှုနှင့်ပတ်သက်၍ ဇာတ်ညွှန်း ရေးသူ အယ်လ် မင်းပြည်မွန် ကလည်း ရုပ်ရှင်လောကတွင် လက်တွေ့ရိုက်ကူးနေကြသည့် ရုပ်ရှင်သမားများ ၊ ရုပ်ရှင်သင်တန်းကျောင်းများမှကျောင်းသား၊ ကျောင်းသူများ တစ်စုတစ်စည်းတည်း စိတ်ဝင်တစားနှင့် လာရောက်ဆွေးနွေးကြသည့် သဖြင့် အနာဂတ် ရုပ်ရှင်လောကအတွက် ကောင်းမွန်သည့် အလား အလာဖြစ်ကြောင်း၊ ထိုကဲ့သို့ အစီအစဉ်များကို ပုံမှန်လုပ်ဆောင်သွားခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့် ရုပ်ရှင်နယ်ပယ်တစ်ခု ပေါ်ပေါက် လာနိုင်မည်ဖြစ်ကြောင်း ပြောသည်။
ယနေ့ အခမ်းအနားတွင် ``Yi Yi ´´ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ရုပ်ရှင်မြှင့်တင်ရေးကော်မတီ အဖွဲဝင် ဒေါက်တာ အောင်မင်းနှင့် တပည့်များ၊ လေ့လာဆန်းစစ်ရေးဆွဲထားသော ရုပ်ရှင်ခွဲခြမ်းစိတ်ဖြာမှု အချိန်ဇယား ကို တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာကြည့်ရှုကြသည်။
ယခုလို ဆွေးနွေးပွဲများကို လစဉ် ဒုတိယပတ်နှင့် တတိယပတ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရာတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသည့် ကမ္ဘာတစ်ဝန်းမှ Art House Film အမျိုးအစား ရုပ်ရှင် ဇာတ်ကားများထဲမှ ဇာတ်ကားများကို အလှည့်ကျ ရွေးချယ်ကာ ပြသပြီးဆွေးနွေးမှုများပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။
အလားတူ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အဆိုပါ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ရုပ်ရှင်မူပိုင်ခွင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၁ရက်တွင်လည်းကောင်း၊ ရာဇဝင်ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ခြင်း ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၁၈ ရက်တွင်လည်းကောင်း ကျင်းပခဲ့သည့်အပြင် ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ်ရန်အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
သတင်း-ဇော်ကြီး၊ဓာတ်ပုံ-ဖေဇော်