ရန်ကုန် ၂၃  စက်တင်ဘာ 

 

ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို (Panel Discussion on Making Good Movie: Pre-Production )  ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၅၀) ရွှေတောင်ကြားလမ်း  ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေး စင်တာ (Film Development Centre) ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအေးကြွယ်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက အမှာစကားပြောကြားသည်။

 

 

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ ဦးဆောင်ဆွေးနွေးသူ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်က ရုပ်ရှင်ကားများရိုက်ကူးထုတ်လုပ် နိုင်ရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဦးဆောင်ဆွေးနွေးသူ ဒေါ်ဆွေဇင်ထိုက်၊ ဒါရိုက်တာ ဦးဇော်မြင့်ဦး၊ ဇာတ်ညွှန်းပညာရှင် အယ်လ်မင်းပြည့်မွန်နှင့် ဒါရိုက်တာ ခရစ်စတီးနားခီ တို့က ရုပ်ရှင် ဇာတ်ကားများရိုက်ကူးထုတ်လုပ်နိုင်ရန်အတွက် ထုတ်လုပ်သူ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ များ၏ကြိုတင်ပြင်ဆင်ရမည့် အတွေ့အကြုံများကိုကဏ္ဍအလိုက် ဆွေးနွေးကြသည်။

 

 

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် သုခမိန်ရုပ်ရှင်ထုတ်လုပ်ရေး မှ ဦးကျော်ကျော်၊ ဆရာဦးမြင့်သိန်းဖေ နှင့် လူငယ်ဒါရိုက်တာ ကိုသော်ဇင် တို့က သိလို သည်များကိုမေးမြန်းကြရာ ဒေါ်ဆွေဇင်ထိုက်၊ ဒါရိုက်တာဦးဇော်မြင့်ဦး၊ ဇာတ်ညွှန်း ပညာရှင် အယ်လ်မင်းပြည့်မွန် နှင့် ဒါရိုက်တာ ခရစ်စတီးနားခီ တို့က ပြန်လည်ဖြေကြား ကြသည်။

 

ယင်းနောက် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဆရာ ဦးမြင့်သိန်းဖေ က ကျေးဇူးတင်စကားပြောကြားသည်။

 

အဆိုပါ ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့တို့ပူးပေါင်း စီစဉ်ကျင်းပခြင်းဖြစ်ပြီး  ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ရာတွင် အတွေ့အကြုံ များရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ဆွေးနွေးပွဲသို့ ထုတ်လုပ်သူများ၊ ဒါရိုက်တာများ၊ ဇာတ်ညွှန်းရေးသူများ၊ လူငယ် ဒါရိုက်တာများ၊ ရုပ်ရှင်ချစ်မြတ်နိုးသူများနှင့် မီဒီယာများ တက်ရောက်ကြသည်။

 

သတင်း - ရီရီမြင့်

 

ဓာတ်ပုံ - ရဲထွဋ်