၂၀၂၀ ပြည့်နှစ်သည် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အခါသမယဖြစ်သည်။ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်ကို  ခမ်းခမ်းနားနား  ထည်ထည်ဝါဝါ စည်စည်ကားကား ကျင်းပလိုသော်လည်း လက်ရှိကာလ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ဖြစ်နေ၍ မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပမည်မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ လတ်တလောတွင် မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်  ဂုဏ်ပြုဖျော်ဖြေပွဲကို   မြန်မာ့ရုပ်မြင်သံကြားမှ  အပတ်စဉ် ထုတ်လွှင့်ပြသနေသဖြင့်  ရုပ်ရှင်ချစ်ပရိသတ်များ    ကျေနပ်လိမ့် မည်ဟု မျှော်လင့်ပါသည်။

 

ကြုံတောင့်ကြုံခဲ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ကာလကို ဖြတ်သန်းခဲ့ကြရသည့် ပရိသတ်များ၊  ခေတ်ဟောင်းမြန်မာ့ရုပ်ရှင်ကို မမေ့နိုင်သေးသော ပြည်သူများ၊ ခေတ်ဟောင်းမြန်မာ့ရုပ်ရှင်ကို  မသိမီလိုက်သော်လည်း  မြန်မာ့ရုပ်ရှင်၏အနှစ်သာရများကို   လေ့လာခံစားကြည့်လိုသူများအတွက်  မြန်မာ ရုပ်ရှင်တေးသီချင်း  အပုဒ်  ၁၀၀  ကို  တစ်ပတ်လျှင် ၁၀ ပုဒ်ဖြင့် အပတ်စဉ် သောကြာနေ့တိုင်း   ည   ၈   နာရီသတင်းအပြီးတွင်    မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသဖျော်ဖြေပေးနေရာ   ရုပ်ရှင်တေးသီချင်းအပုဒ်    ၁၀၀ ပင် ပြည့်တော့မည်ဖြစ်သည်။

 

မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အဖြစ် ရုပ်ရှင်သက်တမ်း နှစ်တစ်ရာကာလအတွင်း ရုံတင်ပြသခဲ့သည့်  ထင်ရှားကျော်ကြား လူကြိုက်များခဲ့သော  အကောင်းဆုံးရုပ်ရှင်ဇာတ်ကားများမှ  ဇာတ်ဝင်တေးများကို ပြန်လည်ဖော်ထုတ်တင်ဆက်ပေးလျက်ရှိသည်။  ကိုယ်တိုင်သီဆိုခဲ့သော အနုပညာရှင်များ သို့မဟုတ် ဇာတ်ဝင်တေးသီချင်းများနှင့် လိုက်ဖက်အောင် သီဆိုနိုင်သော  ခေတ်ပေါ်တေးသံရှင်များက  ပရိသတ်စိတ်ကြိုက် သီဆိုဖျော်ဖြေပေးခဲ့ကြရာ မြန်မာ့ရုပ်ရှင်ကို ချစ်မြတ်နိုးသောပြည်သူများ၊ ကိုဗစ်-၁၉ ကာလအတွင်း မွန်းကျပ်နေသော ပြည်သူများအတွက် စိတ်ဓာတ်ရွှင်လန်း ကြည်နူးလန်းဆန်းကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

 

မြန်မာ့ရုပ်ရှင်ပရိသတ်အနေဖြင့်  ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် ဇာတ်လမ်းနှင့် သရုပ်ဆောင်တို့သည် အဓိကကျသည်ဟု အကြမ်းဖျင်းမှတ်ယူ ထားကြသည်။   ရုပ်ရှင်ဇာတ်ကားတစ်ကားတွင်  ဇာတ်ရှိန်ကို  အမြင့်ဆုံး ရောက်အောင် မြှင့်တင်ပေးသောအရာမှာ ဇာတ်ဝင်တေးသီချင်း သို့မဟုတ် နောက်ခံတေးဂီတ ဖြစ်ပေသည်။ ဇာတ်ဝင်တေးသီချင်း  သို့မဟုတ်  နောက်ခံတေးဂီတသည် ထိုဇာတ်ကား၏ အမြင့်ဆုံးအနှစ်သာရ၊ ဇာတ်ကားကို အထွတ် အထိပ်ရောက်အောင်   ပို့ဆောင်ပေးနိုင်သည့်   သဘောရှိသည်။  

 

ရုပ်ရှင် ကြည့်နေစဉ်  ဇာတ်လမ်းထဲတွင်  နစ်မျောသွားအောင်၊  ဇာတ်ကားထဲတွင် စီးမျောသက်ဝင်သွားအောင် ခံစားချက်ကိုမြှင့်တင်ပေးနိုင်သောအရာသည် ဇာတ်ဝင်တေး၊ နောက်ခံတေး ဖြစ်သည်။လူတို့သည် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ပျက်ခြင်း၊ ဒေါသထွက်ခြင်းနှင့်   အံ့သြခြင်းဟူသည့်   အခြေခံအင်အား  ခံစားချက် ခြောက်မျိုးရှိသည်ဟု စိတ်ပညာရှင်တို့က ဆိုကြသည်။ ထို့အပြင် လူတို့သည် အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ဟူသည့် အာရုံငါးပါးနှင့် ရှင်သန်နေကြသည်ဟုလည်း ဆိုကြသည်။ ရုပ်ရှင်သည် ထိုစိတ်ခံစားချက် ခြောက်မျိုး နှင့် အကြားအမြင်ဖြင့် ကြည့်ရှုခံစားရသည့် ဖျော်ဖြေမှုတစ်ရပ်ဖြစ်သည်။ အချိန်ကာလ၊    ဘဝနှင့်တစ်ထပ်တည်းကျအောင်   ပြောင်မြောက်စွာ သရုပ်ဆောင်ရသည့် ပညာဖြစ်သည်။ ထိုတွင် ရုပ်ရှင်ဇာတ်ကားမှ တေးသီချင်း ဂီတသံစဉ်သည် ရုပ်ရှင်ဇာတ်ရှိန်တစ်ခုလုံးကို သိမ်းကျုံးမြှင့်တင်ကာ လူတို့၏စိတ်ကို နစ်မျောသွားစေအောင် ဖန်တီးပေးသောအရာ ဖြစ်သည်။

 

ဇာတ်ဝင်တေးသီချင်းများတွင် မောင်တို့ချယ်ရီမြေ၊ မီးပုံပွဲ၊ ရွှေညာသူ၊ မှုံရွှေရည်၊ သင်္ကြန်မိုး စသည့် ရုပ်ရှင်တေးသီချင်းများသည် ဇာတ်ကားအရှိန်ကို ပိုမိုမြင့်တက်လာစေပြီး တေးသီချင်း၊  တေးသွားတွင်  ရုပ်ရှင်ကြည့်ပရိသတ်မှာ စီးဝင်နစ်မျောသွားခဲ့ကြသည်။  ဇာတ်ဝင်တေးသီချင်းသည်  ရုပ်ရှင်ဇာတ်ကား တစ်ကား၏ အသက်ပင်ဖြစ်သည်။ ယခုအခါ မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်း အမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်းများကို တစ်ပတ်လျှင် ၁၀ ပုဒ်ဖြင့်  အပတ်စဉ်ဖျော်ဖြေလျက်ရှိရာ ခေတ်ဟောင်းမြန်မာရုပ်ရှင် ဇာတ်ကားများကို သိမီလိုက်ကြသူများရော မသိမီလိုက်ကြသူများပါ ကြည့်ရှု ခံစားကြရ၍ ကျေနပ်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

 

သို့ဖြစ်ရာ မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်ပွဲတော်ကြီးကို ကိုဗစ်-၁၉  ကြောင့် ပါဝင်ဆင်နွှဲနိုင်ခြင်းမရှိသော်လည်း ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြု ဖျော်ဖြေပွဲ အပတ်စဉ်အစီအစဉ်မှ တေးသီချင်း အပုဒ် ၁၀၀ ကို တစ်ပတ်လျှင် ၁၀ ပုဒ်နှုန်းဖြင့် မြန်မာ့ရုပ်မြင်သံကြားတွင် အများပြည်သူတို့အား ဖျော်ဖြေခြင်း အပါအဝင်  ခေတ်ဟောင်းရုပ်ရှင်များ ပြသခြင်း၊   တွေ့ဆုံမေးမြန်းခန်းများ၊ ပဟေဠိပြိုင်ပွဲများ ပြုလုပ်ခြင်း  စသည်တို့သည်  မြန်မာ့ရုပ်ရှင်ရာပြည့်ပွဲသဘင် ကို အလေးအနက် ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း ။    ။

 

ကြေးမုံ