ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာ အသီးသီးတို့သည် လူမှုအဆောက်အအုံပေါ် ဩဇာလွှမ်းမိုးမှု များစွာရှိ၏။ သည်လိုထဲမှာမှ အနုပညာပါဝင်သော ဝတ္ထု၊ ကဗျာ၊ သီချင်း၊ ဂီတ၊ ပြဇာတ်၊ သဘင်၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားဇာတ်လမ်း စသည်တို့က ပို၍ ဩဇာသက်ရောက်၏။ အထူးသဖြင့် လူငယ်နှင့် ကလေးသူငယ်များအပေါ်တွင် ပိုမိုလွှမ်းမိုးနိုင်စွမ်းရှိ၏။
ထို့ကြောင့်ပင် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံကြီးများ အထူးသဖြင့် ဒီမိုကရေစီအသားကျပြီး တိုးတက်ထွန်းကားနေသော နိုင်ငံကြီးများ သည် အထက်ပါ မီဒီယာများက ထုတ်လွှင့်ပြသမှုတို့ကို စနစ်တကျ စိစစ်ကန့်သတ်လေ့ရှိပါသည်။ အဓိကအားဖြင့်မူ ကလေးသူငယ်များအပေါ် ဩဇာလွှမ်းမိုးမှု ကြီးမားသော ရုပ်ရှင်၊ ရုပ်မြင်သံကြားတို့ကို စနစ်တကျ စိစစ်ကန့်သတ်ပေး၏။ စနစ်တကျ ဟုဆိုရခြင်းမှာ အနုပညာလွတ်လပ်ခွင့်ကို မထိပါးသကဲ့သို့ ကြည့်ရှုသူတို့၏ အခွင့်အရေးကိုလည်း မျှတစေခြင်းကို ဆိုလိုခြင်းဖြစ်၏။
အဓိကအားဖြင့်မူ ကလေးသူငယ်တို့ကို အကာအကွယ်ပေးနိုင်ရေး အလေးထားခြင်းဟု ဆိုရမည်ထင်ပါသည်။ ထို့ကြောင့် သတင်းများ၊ သတင်းဓာတ်ပုံများနှင့် ရုပ်ရှင်၊ ရုပ်မြင်သံကြားတို့တွင် အကန့်အသတ်များဖြင့်သာ ပြသနိုင်ရန် အစီအမံ အကွပ်အကဲများ ထားရှိခြင်းဖြစ်ပါသည်။ သတင်းနှင့် သတင်းဓာတ်ပုံများက သတင်းသမား ကျင့်ဝတ်များဖြင့် ထိန်းသိမ်းထား လေ့ရှိပြီး ရုပ်ရှင်နယ်ပယ်တွင်မူ အများကြည့်ရှုရန် သီးခြားသတ်မှတ်ထားသည့် ကန့်သတ်မှုများဖြင့် ပိုင်းခြားထားလေ့ရှိသည်။
အချို့သော ပြကွက်များသည် ကလေးသူငယ်များ၊ လူငယ်များအတွက် မသင့်လျော်ဟူသည့် သဘောဖြင့် သည်လို စနစ်တကျ သတ်မှတ်ကန့်သတ်ရခြင်း ဖြစ်ပါသည်။ စက်ဆုပ်ရွံရှာဖွယ်ရာ ပြကွက်များ၊ အလွန်ရက်စက် ကြမ်းကြုတ်လွန်းသော ပြကွက်များ၊ စာရိတ္တဆိုင်ရာ ပြဿနာရှိသော ညစ်ညမ်းပြကွက်များ၊ သွေးသံရဲရဲဖြင့် လွန်လွန်ကျူးကျူး ပြကွက်များအား ကြည့်ခြင်းဖြင့် ထိတ်လန့်တုန်လှုပ်စေခြင်း၊ ကြောက်လန့်အသည်းငယ်စေခြင်း အစရှိသည်တို့ကို ကြည့်ရှုသူတို့၏ အသက်အလိုက် အကန့်အသတ်များ ပြုလုပ်ထား၏။
ဥပမာအားဖြင့် X rated (အိတ်ခ်စ် သတ်မှတ်ချက်) R rated (အာရ်သတ်မှတ်ချက်)၊ PG13 (ပီဂျီ ၁၃ သတ်မှတ်ချက်) အစရှိသည်ဖြင့်။
PG13 (ပီဂျီ ၁၃ သတ်မှတ်ချက်) ဆိုလျှင် အသက် ၁၃ နှစ်အောက် ကလေးသူငယ်များကို မိဘထိန်းကွပ်မှုမပါဘဲ ကြည့်ခွင့်မပြု။ X rated (အိတ်ခ်စ် သတ်မှတ်ချက်) ဆိုလျှင် အသက် ၁၈ နှစ်အောက် မကြည့်ရ။ R rated (အာရ်သတ်မှတ်ချက်)ဆိုလျှင် အသက် ၁၇ နှစ်အောက် မိဘမပါဘဲ ကြည့်ရှုခွင့်မပြုရန် ကန့်သတ်ထားခြင်း စသည်တို့ဖြစ်၏။
ထိုကန့်သတ်ချက်များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ကာ ထိထိရောက်ရောက် အရေးယူလေ့ရှိ၏။ လွတ်လပ်မှုတွင် စံပြုလေ့ရှိသော အမေရိကန်နိုင်ငံလို နိုင်ငံတွင်ပင် ထိုအကန့်အသတ်များကို လိုက်နာရ၏။ ဆဲဆိုသော စကားလုံးများကို အများပြည်သူကြည့် ရုပ်မြင်သံကြားတွင် အသံကိုဖျောက်ကာ ဖော်ပြရသည်။ အထက်တွင်ဆိုခဲ့သည့် သတ်မှတ်ချက် များအတိုင်း လိုက်နာရ၏။
တိုးတက်ဖွံ့ ဖြိုးသည့် လူမှုအဆောက်အအုံ၊ ယဉ်ကျေးသည့် လူမှုဝန်းကျင်တို့ကို တည်ဆောက်ကြရာတွင် ငယ်ရွယ်သူတို့၏ သဘာဝကို အလေးမူကာ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးရန်မှာ နိုင်ငံရေးစနစ်တွင် လည်းကောင်း၊ လူမှုအဖွဲ့အစည်း အတွင်း ရှိသူများအားလုံးတွင် လည်းကောင်း တာဝန်ရှိပေသည်။
စိတ်ထားနုနယ်သူများအဖို့၊ အသည်းငယ်တတ်သူများအဖို့ ရင့်ကျက်မှုအချိန်သို့ မရောက်မီကာလတွင် လူမှုအဖွဲ့အစည်းက ဝိုင်းဝန်းကာကွယ်ပေးကြရန် လိုအပ်ပါမည်။ မြန်မာ့ရုပ်ရှင်နှင့် ရုပ်မြင်သံကြားတို့တွင်လည်း သည်လိုစနစ်တကျ ကန့်သတ်မှုများ လိုအပ်မည်ဟု ယူဆပါသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားရုပ်ရှင်များ၊ ရုပ်မြင်သံကြား ဇာတ်လမ်းများတွင် ကန့်သတ်ထားသည့် သတ်မှတ်ချက်များကို တွေ့ရပါသည်။
သို့သော်လည်း အချို့သော ရုပ်ရှင်ရုံများတွင် ကန့်သတ်တားမြစ် သတ်မှတ်ချက်များပါဝင်သည့် ရုပ်ရှင်အချို့ကို နမူနာကား အဖြစ် အလွယ်တကူ ပြသနေသည်ကို သတိပြုမိပါသည်။ အထူးသဖြင့် ကလေးများ နှစ်သက်သဘောကျမည့် ရုပ်ရှင်ဇာတ်ကားများ မပြသမီ ပြသခြင်းဖြစ်သည့်အတွက် အထူးသတိပြုရန် လိုပါမည်။
စည်းမျဉ်းစည်းကမ်းများ၊ နည်းဥပဒေများ၊ သတ်မှတ်တားမြစ်မှုများ ဟူသည် လူမှုအဆောက်အအုံကို ပိုမိုတိုးတက်ရေး၊ လူများစု၏ အခွင့်အရေးကို ရရှိစေရေး၊ လူအများ နစ်နာထိခိုက်နိုင်မှုများက ကာကွယ်ပေးနိုင်ရေးတို့အတွက် အရေးကြီး သည်ဖြစ်ရာ ဤသို့သော အခြင်းအကြောင်းအရာ ကိစ္စများကိုလည်း စနစ်တကျဖြစ်စေရေး သတိပြုကြရန် လိုပါမည်ဟု နှိုးဆော်လိုက်ရပါသတည်း။ ။