၄ ဒီဇင်ဘာ
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ မင်ဟိုဟာ လတ်တလောမှာတော့ ရိုက်ကွင်းပေါ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ “Jangsa-ri 9.15” လို့ ယာယီအမည်ပေးထားတဲ့ ရုပ်ရှင်ကိုရိုက်ကူးနေစဉ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ဖျော်ဖြေရေးအေဂျင်စီက ထုတ်ဖော်ပြောကြားလာခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေ အရသိရပါတယ်။
မင်ဟိုရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ အက်စ်အမ်အန် တာတိန်းမန့်ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်မှာ မင်းသားဟာ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ရိုက်ကွင်းမှာ အထူးဖန်တီးပြုလုပ်ထားတဲ့ အပိုင်းအစတွေကြောင့် မင်းသားရဲ့မျက်နှာ ဘယ်ဘက်ခြမ်း ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ မင်ဟိုကို အရေးပေါ် ကုသပေးခဲ့ရကြောင်းလည်း သိရပါတယ်။
မင်ဟို ဒဏ်ရာရခဲ့တာကြောင့် ရိုက်ကွင်းကိုတော့ သုံး၊ လေးရက်ခန့် နားထားမှာဖြစ်ပါတယ်။ ပြင်ဆင်မှုတွေ အချိန်ယူပြုလုပ်သွားဖို့ရာ လိုအပ်နေပြီး မင်ဟိုအနေနဲ့လည်း အနားယူပြီးမှ ရိုက်ကွင်းကို ပြန်လည်စတင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်