မိုးကောင်း ၁၆ မတ်
လတ်တလော တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ်သည့်အနေဖြင့် လူစုလူဝေးများကို ရှောင်ရှားနိုင်ရန် ရုပ်ရှင်ပြသမှုလုပ်ငန်းများကို မတ် ၁၆ ရက်မှစ၍ ယာယီရပ်ဆိုင်းထားရသော်လည်း ဝန်ထမ်းများကို လစာနှင့်ဆန် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မိုးကောင်းမြို့မှ ရုပ်ရှင်ရုံပိုင်ရှင် ဦးဆန်းတောက်ထံမှ သိရသည်။
ရုပ်ရှင်ရုံများ ယာယီပိတ်ထားရခြင်းနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့မှ"ဧရာရုပ်ရှင်ရုံ" နှစ်ရုံနှင့် မိုးကောင်း မြို့မှ "ဧရာရုပ်ရှင်ရုံ" ပိုင်ရှင် ဦးဆန်းတောက်က " တရားဝင်စာတော့ ရောက်မလာသေးပါဘူး တာဝန်ရှိတဲ့သူက ဖုန်းနဲ့အကြောင်းကြားခဲ့တာပါ၊ စာလည်းပို့ပေးမယ်ပြောပါတယ်။ ကျွန်တော်ပိုင်တဲ့ မြစ်ကြီးနားကရုံနှစ်ရုံနဲ့ မိုးကောင်းကတစ်ရုံ သုံးရုံစလုံးကို ဒီနေ့ကစပြီး ပိတ်လိုက်ပါတယ်၊ လက်မှတ်မရောင်းခင် ကြိုပိတ်လိုက်တာပါ၊ ရုပ်ရှင်ရုံတွေပိတ်တယ်ဆိုပေမယ့် ကျွန်တော့်ရဲ့ ရုပ်ရှင်ရုံဝန်ထမ်းဦးရေ ၁၀၀ လောက်ကိုတော့ ဆန်နဲ့လစာထုတ်ပေးသွားမှာပါ၊ ဒီလ လစာကိုလည်း အပြည့်ထုတ်ပေးမှာပါ၊ ရက်ရှည်ဖြစ်လာခဲ့ရင်လည်း ဧပြီလနဲ့ မေလတို့အတွက်ပါ လစာနဲ့ဆန်ထုတ်ပေးမှာပါ၊ အခုအချိန်က ကျပ်တည်းတဲ့အချိန်မို့ပါ" ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ အဆင့်မြင့်ရုပ်ရှင်ရုံများဖြစ်သည့် မိုးကောင်းရုပ်ရှင်ရုံအပြင် ဖားကန့်၊ မိုးညှင်း၊ ဗန်းမော်မြို့ရှိ ရုပ်ရှင်ရုံများလည်း ယနေ့မှစ၍ ပိတ်ထားပြီဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


