ရန်ကုန် ၂ အောက်တိုဘာ
နိုင်ငံတော်အလံနှင့် စပ်လျဉ်း၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၁.၁၀.၂၀၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော် အလံ ဥပဒေ အခန်း (၄) ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃)တွင် နိုင်ငံတော်အလံကို မလေးမစား ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ် အထက်ပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားပြီး အဆိုပါ ပြဋ္ဌာန်းထားမှုကို ပြည်သူများ လေးစားလိုက်နာစေရန် အသိပညာပေး နည်းလမ်းများဖြင့် ပိုမိုဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး က ပြောသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ယနေ့နံနက်တွင် ကျင်းပခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်က “ရုပ်ရှင်ရုံများအတွင်းတွင် မြန်မာနိုင်ငံအလံ အလေးပြုခြင်း အစီအစဉ်တွင် မတ်တပ်ရပ်၍ အလေးပြုကြရန် ရုပ်ရှင်ရုံမှစာဖြင့် ပြသထားပါသော်လည်း ဂရုမစိုက်၊ အလေးမထားဘဲ ထိုင်နေသူအချို့အား နိုင်ငံတော်အလံ ဥပဒေအရ စည်းကမ်းချက် လိုက်နာဆောင်ရွက်စေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ ” မေးမြန်းမှုကို ဒေါ်နော်ပန်းသဉ္ဇာမျိုးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက “ ယခင်ရုပ်ရှင် ကော်ပိုရေးရှင်းအမည်ဖြင့် ဆောင်ရွက်စဉ်က မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံအားလုံးတို့တွင် ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံအား အလေးပြုရန်၊ နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းအား ပြသရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ သို့ရာတွင် ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံ ပြသည့်အခါ မတ်တပ်ရပ် အလေးမပြု ကြသူများရှိကြောင်း တွေ့ရှိရသဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးမှ နယ်များတွင် နိုင်ငံတော်အလံနှင့် အမျိုးသားသီချင်း လွှင့်ချိန်တွင် မတ်တပ် မရပ်သူ အများအပြားရှိနေသည်၊ ဌာနအနေနဲ့ ရုပ်ရှင်ရုံ ငှားထားသူများထံ ညွှန်ကြားဆောင်ရွက်ပါဟု လမ်းညွှန် ချက်အရ ပြန်ကြားရေးဝန်ကြီးဌာန ယခင်မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက် ရန် ရုံးခွဲများနှင့် လုပ်ငန်းစုရုံးများသို့ အကြောင်းကြားခဲ့ပါကြောင်း၊ ရုံးခွဲများမှလည်း ရုပ်ရှင်ရုံများသို့ ထပ်မံ အကြောင်းကြားခဲ့ပါကြောင်း” ပြောကြားသည်။
ဆက်လက်ပြီး ရုပ်ရှင်ရုံများ အနေဖြင့်လည်း နိုင်ငံတော်အလံ မပြသမီ နိုင်ငံတော်အလံကို အလေးပြုကြရန် မေတ္တာရပ်ခံပါသည်ဟု အသိပေးစာတန်းထိုး ပြသလျက်ရှိပါကြောင်း၊ ဌာနအနေဖြင့်လည်း နိုင်ငံတော်အလံကို တစ်ပြေးညီဖြစ်စေရန် စီစဉ်ရိုက်ကူး၍ Digital ရုပ်ရှင်ရုံများတွင် ပြသရန် အခမဲ့ဖြန့်ဝေ ပေးလျက်ရှိပါကြောင်း ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
MDN