နေပြည်တော် ၃၀ ဇွန်
ရုပ်ရှင်/ရုပ်သံ ပြန်လည်ရိုက်ကူးနိုင်ရေးနှင့် ရုပ်ရှင်ရုံများ ပြန်လည်ပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဉီးအောင်ကို၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ရုပ်ရှင်ရုံလုပ်ငန်းရှင်များနှင့် ထုတ်လုပ်သူများ၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးမှ တာဝန်ရှိသူများ၊ ရုပ်မြင်သံကြားလိုင်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်/ ရုပ်သံလောကသည် မိတ်ဖက်အဖွဲ့များ ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်/ ရုပ်သံလောက ဖွံ့ဖြိုးတိုးတက်ရေးကို တစ်စိတ်တစ်ပိုင်း တာဝန်ယူရသည့်ဌာန ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အစိုးရပိုင်းက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးသကဲ့သို့ ရုပ်ရှင်/ရုပ်သံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကူညီပေးနိုင်သည်များကိုလည်း နှီးနှောတိုင်ပင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ရုပ်ရှင်ရာပြည့်ပွဲတော်ကို အောက်တိုဘာလထဲတွင် ကျင်းပရန်ဖြစ်သော်လည်း COVID ကြောင့် ရုပ်ရှင်ရာပြည့်ပွဲတော်ကို မည်သို့ကျင်းပမည်၊ မည်သည့်အတိုင်းအတာဖြင့် ကျင်းပမည်ကို မဆုံးဖြတ်နိုင်သေးသည့် အခြေအနေဖြစ်နေပါကြောင်း၊ ရုပ်ရှင်ရာပြည့်ပွဲတော် ကျင်းပမည့် အခြေအနေနှင့် ပွဲတော်အစီအစဉ်များကို ဩဂုတ်လ လယ်ပိုင်းတွင် ဆုံးဖြတ်ရန် ရွှေ့ဆိုင်းထားပါကြောင်း၊ ယင်းပွဲတော်ကို များစွာမျှော်လင့်ထားကြပါကြောင်း၊ ရုပ်ရှင်လောကသားများ မျှော်လင့်သည့်အတိုင်း မိမိတို့အနေဖြင့်လည်း ယခုလို ကြုံကြိုက်သည့် ရုပ်ရှင်ရာပြည့်ပွဲတော်ကြီးကို အလွန်တန်ဖိုးထားပါကြောင်း၊ ရုပ်ရှင်ရာပြည့်ပွဲတော်ကြီးအပြင် ရုပ်ရှင်လောကက နှစ်စဉ် တန်ဖိုးထားဆောင်ရွက်နေသည့် အကယ်ဒမီပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ရပါကြောင်း၊ ရုပ်ရှင်လောကသည်လည်း COVID ကြောင့် များစွာထိခိုက်နေသည့် သဘောရှိပါကြောင်း။
နောက်တစ်ချက်မှာ ပုံမှန်လည်ပတ်နေသည့်လုပ်ငန်းများ ရပ်ဆိုင်းသွားပါကြောင်း၊ လုပ်ငန်းရှင်များမှစပြီး အလုပ်သမားများအထိ ယခု ၃၊ ၄ လ ကာလအတွင်း အခက်အခဲများ ကြုံတွေ့ရပါကြောင်း၊ စားဝတ်နေရေးအခက်အခဲ ကြုံကြရသူများရှိသည့်အတိုင်း လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများ ရပ်ဆိုင်းသွားရပြီး ဝင်ငွေများ မရရှိကြပါကြောင်း၊ ရုပ်ရှင်ရုံ လုပ်ငန်းရှင်များ ရုပ်ရှင်မပြသရသည့်အတွက် ဝင်ငွေများထိခိုက်နေပါကြောင်း၊ အနုပညာရှင်များ တစ်ဦးချင်းထိခိုက်ပြီး အနုပညာ လောကကြီးတစ်ခုလုံးပါ ထိခိုက်ဆုံးရှုံးမှုများ ရှိလာပါကြောင်း။
ထိုသို့ ထိခိုက်မှုများရှိနေသည့်အတွက် ယင်းအခက်အခဲများကို မည်သို့ဖြေရှင်းရမည်ကို စဉ်းစားပါကြောင်း၊ ရုပ်ရှင်အစည်းအရုံးနှင့် ရုပ်သံလုပ်ငန်းများက နိုင်ငံတကာတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် နည်းလမ်းများကို တင်ပြကြောင်း၊ COVID ကြောင့် မိမိတို့ထက် များစွာထိခိုက်ခဲ့သည့် ဥရောပ၊ အမေရိက နိုင်ငံကြီးများတွင် ရုပ်သံလုပ်ငန်းများကို COVID ဖြစ်နေသည့် အခက်အခဲများကြားမှ ရောဂါမကူးစက်စေအောင် နည်းလမ်းရှာကြံ ဆောင်ရွက်နေကြခြင်းများ ရှိပါကြောင်း၊ ရုပ်ရှင်/ရုပ်သံလုပ်ငန်းကြီးများ ပြိုလဲပျက်စီး မသွားအောင် နည်းလမ်းအမျိုးမျိုး ရှာဖွေပြီး ပြန်လည်ထိန်းသိမ်း ထူမတ်လျက်ရှိပါကြောင်း။
မိမိတို့၏ ရုပ်ရှင်/ရုပ်သံသမားကလည်း အလားတူနည်းလမ်းများဖြင့် ကိုယ်တိုင် ကျင့်သုံးနိုင်မည့် အခြေအနေများကို သေချာပြုစုပြီး မိမိတို့ထံ တင်ပြထားပါကြောင်း၊ ရုပ်ရှင်/ရုပ်သံလုပ်ငန်းများနှင့် ပတ်သက်ပြီး စဉ်းစားဆောင်ရွက်ပေးနိုင်ရန် ကိုဗစ်နှင့်ပတ်သက်သည့် အမျိုးသားအဆင့် ဗဟိုကော်မတီအထိ တင်ပြထားပါကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများစောင့်ရှောက်မှုများ လုပ်ကိုင်သည့်ကြားထဲမှ မရှိမဖြစ်၊ မလည်လျှင် မဖြစ်သည့်လုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး ပြန်လည်လည်ပတ်စေကာ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ရုပ်ရှင်လုပ်ငန်းများကို စိစစ်လေ့လာပြီး လုပ်ငန်းများ အတတ်နိုင်ဆုံး လုပ်ကိုင်နိုင်ရန်နှင့် COVID ရောဂါကူးစက်မှု တတ်နိုင်သမျှ ထိန်းသိမ်းကာကွယ်နိုင်မည့် နည်းလမ်းများ ရှာဖွေလုပ်ကိုင် ဆောင်ရွက်နိုင်မည်ဟု မြင်ပါကြောင်း၊ လက်တွေ့မည့်သည့်အတိုင်းအတာအထိ ဆောင်ရွက်နိုင်မည်ဆိုသည့်အပိုင်းကို အမျိုးသားအဆင့် ဗဟိုကော်မတီ၊ အထူးသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြည့်ရှုသုံးသပ်ပြီး လိုအပ်သည်များကို လမ်းညွှန်ခြင်း၊ ကြပ်မတ်ခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း စသည်ဖြင့် လုပ်ငန်းများ လည်ပတ်အောင် ကူညီဆောင်ရွက်ပေးနိုင်သည်ဟု မြင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရေးနှင့် ပတ်သက်ပြီး မိမိတို့ဌာနကို သီးသန့်တာဝန်ပေးထားပါကြောင်း၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် တာဝန်ပေးပြီးလိုအပ်သည့် ကော်မတီအရပ်ရပ်ဖွဲ့စည်းပြီး လုပ်ငန်းစတင်ခဲ့ပါကြောင်း၊ ဇာတ်လမ်းအခန်းစဉ် စုစုပေါင်း ၁၃၄ ခန်းရှိသည့်အနက် ၈၀ ရာခိုင်နှုန်းခန့် ရိုက်ကူးပြီးစီးပြီဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်ရုပ်ရှင်နှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် စတင်ရိုက်ကူးခဲ့ပြီး COVID-19 ကြောင့် ၂၀၂၀ပြည့်နှစ် မတ် ၂၅ ရက်မှစ၍ ခေတ္တရပ်နားထားခဲ့ရာ ယခုအချိန်အထိ ဖြစ်ပါကြောင်း။
သို့သော် ဗိုလ်ချုပ်ရုပ်ရှင်ကို သတ်မှတ်ကာလ ၂၀၂၀ ပြည့်နှစ်အတွင်းတွင် တာဝန်ရှိ အကြီးအကဲများက ကြည့်ရှုအကဲခတ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရိုက်ကူးရန် ကျန်ရှိနေသည့် ဇာတ်လမ်းအခန်းစဉ်များ ရိုက်ကူးခွင့်ရရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် အကောင်အထည်ဖော်သွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက COVID-19 ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းနှင့် လူစုလူဝေး မဖြစ်ပွားစေခြင်း စသည့် social distancing ပြုလုပ်ခြင်းသည် အဓိက အရေးကြီးဆုံး အချက်ဖြစ်ပါကြောင်း၊ ယခုလတ်တလော အခြေအနေ၌ မိမိတို့နိုင်ငံတွင် ပြည်တွင်းကူးစက်မှု မရှိသလောက် ဖြစ်နေသော်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများတွင် ရောဂါကူးစက်မှုများ တွေ့နေရဆဲဖြစ်ပါကြောင်း။
COVID-19 ကူးစက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပေါ့ဆစွာဖြင့် ကောင်းစွာလိုက်နာဆောင်ရွက်ခြင်း မရှိပါက ရောဂါဖြစ်ပွားမှု ပြန်လည်များပြား လာနိုင်ခြေရှိပါကြောင်း၊ COVID-19 ရောဂါသည် ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့မှတစ်ဆင့် ဝင်ရောက်ကူးစက်ပြီး ရုပ်ရှင်၊ ရုပ်သံရိုက်ကူးခြင်း လုပ်ငန်းသည်လည်း တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ဆက်ဆံလုပ်ကိုင်ရသည့် သဘောသဘာဝရှိသောကြောင့် ရောဂါကူးစက်မှုမရှိစေရေး သတိကြီးစွာထားရှိ လုပ်ကိုင်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း။
ထိုသို့ ရိုက်ကူးမှုပြုရာတွင်လည်း သီးသန့်ရုပ်ရှင်-စတူဒီယိုအခန်းများတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ ရိုက်ကူးပါက ရောဂါကူးစက်ရန် အန္တရာယ်သိပ်မရှိသော်လည်း ပြင်ပ ရိုက်ကွင်းများဖြစ်ပါက လာရောက်ကြည့်ရှုမည့် အများပြည်သူများ စုဝေးလာမည့် အခြေအနေနှင့် ရောဂါကူးစက်မှုအန္တရာယ်များ ရှိပါကြောင်း၊ ကူးစက်မှုအန္တရာယ်ရှိသည်ဟု ပြောရခြင်းမှာ မြန်မာနိုင်ငံတွင်တွေ့ရှိသော ဓါတ်ခွဲအတည်ပြု လူနာများ၏ ၅၆ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြသူများ ဖြစ်နေသောကြောင့် လူများစုဝေးမိပါက ရောဂါကူးစက်မှု အခွင့်အလမ်းများပါကြောင်း။
ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်များ၊ ရုပ်သံရိုက်ကူးသူများအပါအဝင် ရုပ်ရှင်လောကသားတိုင်းအနေဖြင့် COVID-19 ၏ ရောဂါကူးစက်ပုံနည်းလမ်း၊ ရောဂါလက္ခဏာများနှင့် ကာကွယ်ပုံနည်းလမ်းများကို ကောင်းစွာသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း၊ ရုပ်ရှင်၊ ရုပ်သံပြန်လည်ရိုက်ကူးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရုပ်ရှင်၊ ရုပ်သံလောကမှ တာဝန်ရှိသူများ သီးခြားတွေ့ဆုံညှိနှိုင်းပြီး COVID-19 ရောဂါကူးစက်မှုအန္တရာယ် အနည်းဆုံးဖြစ်စေမည့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
COVID-19 ကပ်ရောဂါနှင့်အတူ ဖြစ်ထွန်းပေါ်ပေါက်လာသည့် ပုံမှန်အခြေအနေသစ် (New Normal) နှင့် လိုက်လျောညီထွေပြင်ဆင်နေထိုင် လုပ်ကိုင်နိုင်ရန် လိုအပ်မည်ဖြစ်ပြီး အချိန်ကြာသည်နှင့်အမျှ လူမှုစီးပွားရေး ပိုမိုထိခိုက်မည်ဖြစ်၍ သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဖြေလျော့မှုများကို တဖြည်းဖြည်းနှင့် တစ်ဆင့်ပြီးတစ်ဆင့် လျှော့ပေါ့မှုများ ပြုလုပ်ပေးနေကြောင်း၊ ထိုသို့ ဖြေလျော့မှုများ ပြုလုပ်စဉ်ကာလအတွင်း စနစ်တကျ စောင့်ကြပ်ကြည့်ရှုပြီး လိုအပ်သလို ပြုပြင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ရုပ်ရှင်နှင့် ရုပ်သံလောကမှ တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးချက်များကို သေချာစွာ မှတ်သားစဉ်းစားပြီး အဖြစ်နိုင်ဆုံး၊ အတတ်နိုင်ဆုံး ကူညီသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ကပ်ရောဂါနှင့် ပတ်သက်၍ ပြန်ပြောင်းကြည့်ပါက ကနဉီးကာလတွင် ကျန်းမာရေးကိစ္စတစ်ခုတည်းအတွက် စိန်ခေါ်မှုဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ကျန်းမာရေးအပြင် လူမှုရေးနှင့်စီးပွားရေးပါ ဂယက်များ ရိုက်ခတ်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲများက မတ်လခန့်မှစ၍ စီးပွားရေးနှင့်ပတ်သက်ပြီး ကုစားနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ခဲ့ပါကြောင်း၊ ကပ်ရောဂါသည် မကြုံဖူးသည့် ကပ်ရောဂါ ဖြစ်သည့်အတွက် မည်သည့်အချိန်တွင် ထိုကပ်ရောဂါမှ လွတ်မြောက်မည်ကို မခန့်မှန်းနိုင်၍ ရေရှည်မည်သို့ ချဉ်းကပ်ကာကွယ်မည်ကို စဉ်းစားသည့်အခါ ရေတိုရေရှည် ဆောင်ရွက်ချက်များ လုပ်ရန်အတွက် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ယခု အရေးပေါ်ကာလ ကျော်လွန်လာပြီဖြစ်ပြီး ရေရှည်စဉ်းစားရမည် ဖြစ်သည့်အတွက် CERP ဟုခေါ်သည့် စီးပွားရေးထိခိုက်မှုသက်သာ ရေးစီမံချက်ဖြင့် အားလုံးတစ်ပေါင်းတစ်စည်းတည်း ကျော်လွှာခြင်းသည် မိမိတိုနိုင်ငံတွင် အားလုံးလက်တွဲပြီး အခက်အခဲကို ကျော်လွှားမည်ဆိုပါက မုချအောင်မြင်မည်ဟု ခံယူထားပါကြောင်း၊ ထို့ကြောင့် ယင်းအစီအစဉ်ကို ချမှတ်ဆောင်ရွက်သည့်အခါ ဉီးတည်ချက် (၇) ရပ်ထားပြီး ဆောင်ရွက်နေပါကြောင်း၊ ကဏ္ဍများရှိသည့်အနက် အလုပ်လက်မဲ့မဖြစ်စေရေးလည်း ပါပါကြောင်း၊ ယင်းထဲတွင် ယခုတင်ပြသည့်ရုပ်ရှင်၊ ရုပ်သံပြန်လည်ရိုက်ကူးရေး၊ ပြသရေးတို့ကိုလည်း ထည့်သွင်းစဉ်းစားပေးမည် ဖြစ်ပါကြောင်း၊ ရုပ်ရှင်၊ ရုပ်သံလောကတွင် လုပ်ကိုင်နေသည့် လူများလည်း အလုပ်ပြန်လုပ်ရမည်ဖြစ်ပါကြောင်း၊ အလုပ်ပြန်လုပ်နိုင်ရန်အတွက် မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်ကြမည်ကို စဉ်းစားရန် လိုအပ်ပါကြောင်း။
စီးပွားရေးဘက်မှ ကြည့်မည်ဆိုပါက စီးပွားရေးဉီးမော့လာရေးအတွက် ပြန်စဉ်းစားရန် လိုအပ်ပါကြောင်း၊ ယခုလော လောဆယ်တွင် အခက်အခဲကြုံတွေ နေသူများအတွက် မတည်ငွေများပေး၍ တတ်နိုင်သမျှ ပံ့ပိုးကူညီပေးမည်ဖြစ်ပါကြောင်း၊ ယခု ခေတ်ကာလအသစ်တွင် မည်သို့ဆောင်ရွက်ကြမည်နှင့် ရုပ်ရှင်ပြသမည်ဆိုပါက Social Distancing ကို မည်သို့ ပြုလုပ်မည်၊ ရုပ်ရှင်လုပ်ငန်းရှင်များ အဆင်ပြေမှု ရှိ၊ မရှိတို့ကို စဉ်းစားပေးရန်လည်း လိုအပ်ပါကြောင်း၊ အလုံအခန်းထဲတွင် ၂ နာရီ၊ ၃ နာရီ ထိုင်ပါက ကူးစက်နိုင်သည့် အလားအလာ ပိုများလာမည်ဆိုပါက မည်သို့ဆောင်ရွက်မည် စသည်တို့ကို ချင့်ချိန်ပြီးသက်ဆိုင်ရာ ကျန်းမာရေးဌာနမှ အကြံပြုချက်၊ စီမံချက်များနှင့်အညီ ဆောင်ရွက်မည်ဆိုပါက ဖြစ်နိုင်ပါကြောင်း၊ ယခုတွေ့ဆုံပွဲတွင် မိမိတို့အနေဖြင့် နားထောင်ပေးမည်ဖြစ်ပါကြောင်း၊ လုပ်နိုင်မည်ဟု ထင်မြင်မိပါကြောင်း၊ လုပ်နိုင်မည်ဆိုပါက စည်းကမ်း၊ သတ်မှတ်ချက်များနှင့်အညီ လုပ်မည်ဆိုပါက ဖြစ်နိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဦးဇော်မြင့်ဦးက COVID ကာလ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဆောင်ရွက်ချက်များ၊ ရိုက်ကူးရေးလုပ်ငန်းများ ဆောလျင်စွာ ပြန်လည်စတင်နိုင်ရေး၊ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြန်သနိုင်ရေး၊ COVID-19 ကာလ နိုင်ငံတော်မှ အထူးချေးငွေပံ့ပိုးမှု ရရှိနိုင်ရေးနှင့် မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲတော် ကျင်းပနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ Forever Group Co., Ltd. Co-Founder & Director ဦးခင်မောင်ဌေးက ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ၊ ရုပ်သံအစီအစဉ်များ ပြန်လည်ရိုက်ကူး ထုတ်လွှင့်နိုင်ရေး၊ ဝန်ထမ်းများ၏ စားဝတ်နေရေး အခြေအနေ၊ ရိုက်ကူးထုတ်လွှင့်မှုအဆင့်ဆင့်၊ ပါဝင်ကြမည့် အနုပညာရှင်များ၊ ရိုက်ကူးရေး ဝန်ထမ်းများနှင့် ရိုက်ကွင်းနေရာတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 စည်းမျည်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ဆက်လက်၍ ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးမျိုးမင်း၊ ရုပ်ရှင်ရုံပိုင်ရှင်များကိုယ်စား မင်္ဂလာရုပ်ရှင်ရုံအုပ်စုမှ ဦးဇော်မင်းနှင့် Clover Solutions Co.,Ltd မှ ဦးဇင်အောင်စိုး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဒါရိုက်တာဝိုင်း၊ Channel K (KMA Tele media Holdings Co.,Ltd.) Chief Content Officer ဦးမျိုးမြင့်၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလူမင်းနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်တို့က ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး၊ သင့်တင့်လျောက်ပတ်ဆီလျော်သည့် အချိန်တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ COVID ကာလ ထောက်ပံ့ငွေ၊ ချေးငွေရရှိရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


