ရန်ကုန်  ၃၀  ဒီဇင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရုပ်ရှင်/ရုပ်သံ အနုပညာရှင်များ၊ လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယနေ့ညပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ညွန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းမှ  တာဝန်ရှိသူများ၊ ရုပ်ရှင်/ရုပ်သံ အနုပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

p+

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ရုပ်ရှင်အဖွဲ့အစည်း များ၊ ရုပ်သံအဖွဲ့အစည်းများ၊ ရုပ်ရှင်လောကသားများ၊ ရုပ်မြင်သံကြား လောကသားများသည် ပြန်ကြားရေး ဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများအကြား ရင်းနှီးချစ်ခင်ရန်၊  ရင်းနှီး ကျွမ်းဝင်ရန်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်း ဖြစ်ပါကြောင်း။

p++

မိတ်ဖက်အဖွဲ့အစည်းများဟု ဆိုရာတွင် မိမိအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းအကြောင်း ရှင်းပြလိုပါကြောင်း၊ မိမိတို့  ပြန်ကြားရေးဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းများမှာ စာပေစာနယ်ဇင်း၊ ဂီတ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား စသည့်တို့ ဖြစ်ပါကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အသင်းအဖွဲ့များ ထူထောင်ရာတွင် အလုပ်အကိုင် ရည်ရွယ်ချက် တူညီသူများ စုပေါင်းပြီး တူညီသောအကျိုးစီးပွားကို ကာကွယ်ရန် ထူထောင်တာမျိုးရှိပါကြောင်း၊ ဥပမာအနေဖြင့် အနုပညာမူပိုင်ခွင့် ကာကွယ်ရန် တစ်ဦးတစ်ယောက်တည်း လုပ်၍မရဘဲ စုဖွဲ့ပြီးလုပ်ရပါကြောင်း၊ တော်တော်များများ အနေဖြင့် လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ လုပ်ငန်းတူအချင်းချင်း သာရေးနာရေးကိစ္စများ၊ လူမှုရေးကိစ္စများကူညီရန် အဝန်းအဝိုင်းတစ်ခု ထူထောင်ခြင်းဖြစ်ပါကြောင်း။  

p6+6

မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာပေ၊ ဂီတ၊ ရုပ်ရှင် စသည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ချိတ်ဆက်ဆောင်ရွက်ရပါကြောင်း၊ ရုပ်ရှင်လောကသားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ရှင်လောကသားများ အကျိုးစီးပွားကာကွယ်နိုင်ရန်အတွက် အသင်းအဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်  စာပေ စာနယ်ဇင်း၊ ဂီတ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား စသည့် လောကသားများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွှေတောင်ကြားလမ်းတွင်ရှိသည့် ရုပ်ရှင်ခြံဝန်းကို ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း။

p+6

မိမိတို့ရုပ်ရှင်သည် နိုင်ငံတကာတွင် ထိုးဖောက်နိုင်မည့် အနေအထားတွင် ရှိနေပါကြောင်း၊ ထိုးဖောက်နိုင်မည်ဟု လည်း မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ရုပ်ရှင်လောကသားများအနေဖြင့်လည်း ယနေ့အချိန်အခါသည် ရုပ်ရှင်နှစ် ၁၀ဝ ပြည့်နှင့် ကြုံကြိုက်ရသည့် အချိန်အခါကောင်းဖြစ်ပါကြောင်း၊ အင်မတန်မှ ဝမ်းသာစရာကောင်းပါကြောင်း၊ ရုပ်ရှင်နှစ် ၁၀ဝ ပြည့်အား ပီပီပြင်ပြင် ဆောင်ရွက်ရန်လိုပါကြောင်း၊ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်လောကသားများနှင့်အတူ ရုပ်ရှင်နှစ် ၁၀ဝ ပြည့်ကို ဆင်နွှဲရန် စိတ်အားထက်သန် လျက်ရှိပါကြောင်း  ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက စည်သူဗိုလ်ကလေးတင့်အောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေးတို့က  အမှာစကား ပြောကြားကြသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

သတင်းစဉ်