အေးပြည့်

 

ဟောလိဝုဒ် နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်သူ နီကိုးလ်ကစ်ဒ်မန်းဟာ ရုပ်ရှင်သစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဒီရုပ်ရှင်သစ်အတွက် ပြောင်းလဲမှုတွေပါပြုလုပ်ခဲ့ရကြောင်း လတ်တလောမှာတော့ ထုတ်ဖော်ပြောကြားလာတာဖြစ်တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

အော်စကာဆုရှင်မင်းသမီး နီကိုးလ်ကစ်ဒ်မန်းဟာ သူ့ရဲ့ ရုပ်ရှင်သစ် “Destroyer” အတွက် ပြင်ဆင်မှုအပိုင်းကို မှန်မှန်လုပ်ဆောင်နေခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ သူဟာ နာကျင်စရာအတိတ်တွေကို ပိုင်ဆိုင်ထားတဲ့ စုံထောက်တစ်ဦးအဖြစ် ပါဝင်ထားတာဖြစ်တာကြောင့် အမြဲတမ်းပင်ပန်းနေတဲ့သူတစ်ဦးရဲ့ ဟန်ပန်ဖြစ်အောင် ပြောင်းလဲမှုတွေကိုလည်း လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒီလိုပြောင်းလဲမှုတွေထဲမှာတော့ မင်းသမီးရဲ့ အမှတ်အသား တစ်ခုလိုတောင်ဖြစ်နေတဲ့ ရွှေရောင်ဆံပင်ရှည်ကြီးတွေကို စွန့်လွှတ်လိုက်ရတာဖြစ်ပါတယ်။ သူဟာ အနေစုတ်တဲ့ စုံထောက်တစ်ဦးနဲ့ လိုက်ဖက်အောင် ဆံပင်အတိုညှပ်လိုက်ကြောင်းလည်း သိရပါတယ်။ ဒီရုပ်ရှင်မှာ နီကိုးလ်ကစ်ဒ်မန်းဟာ အယ်ရန်းဘယ်လာအဖြစ် ပါဝင်သွားမှာဖြစ်ပြီး သူဟာ အတိတ်ပုံရိပ်တွေရဲ့ ခြောက်လှန့်မှုတွေကို အချိန်တိုင်း ခံနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ ့ BFI လန်ဒန်ရုပ်ရှင်ပွဲတော်မှာ နီကိုးလ်ကစ်ဒ်မန်းက “Destroyer” ရုပ်ရှင်နဲ့ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကိုရင်ဖွင့်ခဲ့ပါတယ်။ သူက ဒီရုပ်ရှင်မှာ ပါဝင်ရမယ့် ဇာတ်ကောင်အတိုင်း ထပ်တူခံစားမိကြောင်း၊ အဆိုပါ ဇာတ်ကောင်ကဲ့သို့ ဝမ်းနည်းမိသလို သူ့အတွက်လည်း နာကျင်ခံစားမိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာ အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီကိုးလ်ကစ်ဒ်မန်း အတွက်ကတော့ သူပါဝင်မယ့် ဇာတ်ကောင်တွေအတွက် ပြောင်းလဲမှုတွေ ပြုလုပ်နေကျဖြစ်ပါတယ်။ သူ့ရဲ့ ကျော်ကြားတဲ့ ရုပ်ရှင်တွေမှာ သူပါဝင်ရတဲ့ ဇာတ်ကောင်နဲ့လိုက်ဖက်အောင် ပြောင်းလဲခဲ့တာတွေ့ရပြီး “The Hours”  ရုပ်ရှင်မှာလည်း သူပါဝင်ထားတဲ့ ဇာတ်ကောင် ဗာဂျီးနီးယားဝုဖ်အတွက် ပြောင်းလဲပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ယင်းရုပ်ရှင်နှင့်ပင် အော်စကာဆုကို ဆွတ်ခူးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ကြေးမုံ