ရန်ကုန် ၇ သြဂုတ် 

 


ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ဂျပန်ယန်း ၂၂၆၃ သန်း တန်ဖိုးရှိသော ရုပ်သံထုက်လွှင့်မှု စက်ပစ္စည်းကိရိယာများ တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်းပြီးမြောက်မှုအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


စီမံကိန်းအဖြစ် နေပြည်တော်(ရုံးချုပ်)တွင် တပ်ကုန်း-ရန်ကုန် ကွန်ရက်ချိတ်ဆက်စနစ်၊ မှတ်တမ်းထိန်းသိမ်းရေးစနစ်၊ ဒစ်ဂျစ်တယ်စနစ်သုံး DSNG Van နှစ်စီးဖြင့် ပြင်ပရိုက်ကူးရေး ရုပ်သံထုတ်လွှင့်ခြင်း၊ တိတ်ခွေဟောင်းများကို ကွန်ပျူတာဖြင့် ထိန်းသိမ်းလုပ်ဆောင်ခြင်း၊ စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းမှုနှင့် တိုင်းတာခြင်းများပါဝင်သည့် MRTV ( ရန်ကုန်) ရုံးတွင် LED Lightingအပါအဝင် HD စတူဒီယိုအတွင်း စက်ပစ္စည်းကိရိယာများ တိုးချဲ့တပ်ဆင်ပေးခြင်း၊ ကွန်ပျူတာဂရပ်ဖစ် ရေးဆွဲခြင်းဆိုင်ရာ အတတ်ပညာနှင့် Virtual စနစ်နှင့် ကွန်ပျူတာဖြင့် မှတ်တမ်းထိန်း သိမ်းရေးစနစ် ပါဝင်သော အချက်အလက်များပေးပို့ခြင်းစနစ်၊ ဒစ်ဂျစ်တယ်စနစ်သုံး DSNG Van တစ်စီးဖြင့် ရိုက်ကူးရေးရုပ်သံထုတ်လွင့်ခြင်း၊ စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းမှုနှင့် တိုင်းတာခြင်းများ MRTV Studio အဆောက်အဦတစ်ခုလုံး အမိုးအပါ အဝင်ပြန်လည်ပြုပြင် မွမ်းမံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


ထို့ပြင် စီမံကိန်းတစ်ခုလုံးအတွက် Supplier အဖြစ် Sumitomo Corporation မှ တာဝန်ယူပြီး MRTV ၏ ရုပ်မြင်အဆောက်အဦ ပြန်လည်ပြုပြင်မွမ်းမံမှုကို Toda Corporation မှ ဆောင်ရွက်ပေးခဲ့ကြောင်း၊ NEC  Corporation မှ HD စတူဒီယိုအတွင်း စက်ပစ္စည်းများတပ်ဆင်မှု Sub Control Room အတွင်း Hardware၊ Software များတပ်ဆင်မှု၊ Computer Graphic စနစ်နှင့် Virtually စနစ်များအတွက် စက်ပစ္စည်းများ Archieve စနစ်နှင့် ရန်ကုန်-တပ်ကုန်း ကွန်ရက်ချိတ်ဆက်မှုများအတွက် လိုအပ်သော စက်ပစ္စည်းကိရိယာများကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

 


ယင်းဆောင်ရွက်မှုများကြောင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV ၏ ပုံမှန်ထုတ်လွှင့်နေသည့် ထုတ်လွှင့်မှုလုပ်ငန်းများ ပိုမိုချောမွေ့မြန်ဆန်လာရုံသာမက အစီအစဉ်အရေအတွက် တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး Virtual စနစ်ရှိနေသည့်အတွက် နောက်ခံ Background ပုံစံမျိုးစုံဖြင့် မတူကွဲပြားခြားနားသော အစီအစဉ်များ ပြောင်းလဲထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကျေးဇူးတင်စကား ပြောကြားပြီး NHK Technologies, Inc မှ အကြံပေးအရာရှိချုပ် Mr. Akira Nagase က စီမံကိန်းပြီးမြောက်မှုအတွက် ဝမ်းမြောက်ကြောင်း ပြောကြားကာ စီမံကိန်းဆိုင်ရာ စာရွက်စာတမ်းများကို အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ 

 


သတင်းစဉ်