၆ မေ
ရုရှားခရီးသည်တင် လေယာဉ်တစ်စင်းမှ မော်စကိုမြို့တော်ရှိ လေယာဉ်အတက်အဆင်းအများဆုံး လေဆိပ်သို့ အရေးပေါ်ဆင်းသက်စဉ် မီးလောင်မှုဖြစ်ပွားရာ ကလေးနှစ်ဦးအပါအဝင် လူပေါင်း ၄၁ဦး သေဆုံးခဲ့သည်။
ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့သွားသည့် ရုပ်သံများအရ အေရိုဖလုပ်၏ ဆူခွိုင်း ဆူပါဂျက်လေယာဉ်သည် တနင်္ဂနွေနေ့က ရှာရီမက်ရီဗိုနိုင်ငံတကာလေဆိပ်သို့ အရေးပေါ်ဆင်းသက်စဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
လူပေါင်း ၄၁ဦး သေဆုံးခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Murmansk မြို့တော်သို့ ပျံသန်းလာခဲ့သည့် အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းများအပါအဝင် လူ ၇၈ ဦး လိုက်ပါလာကြောင်း ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။
ယခုအခါ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ပြီး လူပေါင်း ၃၇ ဦး အသက်ရှင်ကျန်ရစ်ခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မော်စကိုဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီးက အစောပိုင်းတွင် ပြောကြားခဲ့သည်။
လေယာဉ်ပျံတက်ပြီးနောက် လေယာဉ်အမှုထမ်းများက မူမမှန်မှုတစ်ခုရှိကြောင်း သတင်းပို့ခဲ့ပြီး ထွက်ခွာလာရာ လေဆိပ်သို့ နောက်ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ညနေ ၆ နာရီခွဲတွင် အရေးပေါ် ဆင်းသက်ခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
သို့သော်လည်း လေယာဉ်မှာ နည်းပညာပိုင်းဆိုင်ရာ အကြောင်းရင်းတစ်ခုနှင့် အင်ဂျင်မီးလောင်ကျွမ်းမှုကြောင့် နောက်ပြန်လှည့်ခဲ့ရကြောင်း ရုရှားလေကြောင်းလိုင် အဲရိုဖလုပ်က ပြောသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို ချက်ချင်းစတင်မည်ဟု ပြောကြားခဲ့သည်။
ရုရှားဝန်ကြီးချုပ် ဒီမီထရီမတ်ဗီဒတ်ကလည်း ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် အထူးကော်မတီတစ်ရပ်ဖွဲ့စည်းရေး အမိန့်ပေးခဲ့သည်။
လေယာဉ်မှာ မိုးကြိုးပစ်ခံရခြင်းမှတဆင့် မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း အစောပိုင်းသတင်းများက ဆိုသည်။
လေယာဉ်ပေါ်လိုက်ပါသွားသူများ ၊ မျက်မြင်သက်သေများ ၊ လေယာဉ်အမှုထမ်းများ နှင့် လေကြောင်းလိုင်း အပါအဝင် အခြား လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သူအားလုံးကို စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ကိုးကား-အေအက်ပီ
ဘာသာပြန်-မေဇော်ထက်