၂ ဇန်နဝါရီ
ရုရှားနိုင်ငံ မက်ဂနီတိုဂေါ့တွင် မီနီဘတ်စ်တစ်စီး ပေါက်ကွဲလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနက ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် တနင်္လာနေ့က ပြိုကျခဲ့သော အဆောက်အဦတစ်လုံးနှင့် မနီးမဝေးနေရာတွင် ယမန်နေ့ညပိုင်းက အဆိုပါမီနီဘတ်စ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းအဆောက်အဦး ပြိုကျမှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
လူ ၃ ဦး လိုက်ပါလာသည့် ကားတစ်စီး သည် မက်ဂနီတိုဂေါ့ရှိ ပရာ့ဒါလမ်းနှင့် ကာလ်မာလမ်းကို ဖြတ်သန်းမောင်နှင်စဉ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းယာဉ်ထဲတွင် ဓါတ်ငွေ့အိုးနှစ်လုံးပါရှိကြောင်း ချီလီအာဘစ်ဒေသကြီး အုပ်ချုပ်ရေးမှူး၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဆပွတ်နစ် သတင်းအေဂျင်စီက ဖော်ပြထားသည်။
ယင်းဒေသ ပြည်ထဲရေးဌာနက ၎င်းယာဉ် ပေါက်ကွဲလောင်ကျွမ်းမှု ဖြစ်ရခြင်းမှာ ဓါတ်ငွေ့အိုးချွတ်ယွင်းမှုကြောင့် ဖြစ်သည်ဟုဆိုသည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို