ရုရှား - မြန်မာ ရွှေလမ်းငွေလမ်းဖောက်နိုင်ခဲ့သည့် ၁၉၅၅ ခုနှစ် နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ

သီဟစည်သူ

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ (ယခင်ဆိုဗီယက်ပြည်ထောင်စု)တို့အကြား ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သံတမန်ဆက်ဆံရေးကို စတင်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် (၇၅) နှစ်တင်းတင်း ပြည့်မြောက်တော့မည်ဖြစ်သည်။ နှစ်နိုင်ငံမိတ်ဖက် သံတမန်ဆက်ဆံရေးသည် စိန်ရတုပင်တိုင်ခဲ့ချေပြီ။

မြန်မာ- ဆိုဗီယက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်တွင် စတင်ခဲ့ပြီး မြန်မာသံရုံးကို ၁၉၅၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုသို့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးနောက် ဆိုဗီယက်ပြည်ထောင်စု၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာသံအမတ်ကြီးမှာ သံအမတ်ကြီး ဦးအုန်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးနု၏ ချစ်ကြည်ရေးခရီး

ဆိုဗီယက်ပြည်ထောင်စုသို့ ၁၉၅၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနု သွားရောက်ခဲ့ပြီး အလည်အပတ်ခရီးစဉ်အတွင်း ဆိုဗီယက်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းသည် မြန်မာ- ဆိုဗီယက်ပြည်ထောင်စုတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနီးကပ်လာစေခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအလွန် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများ၌ ဆိုဗီယက်ယူနီယံမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာ့ ဆန်ဝယ်ယူရေး စာချုပ်များကို လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

အဆိုပါခရီးစဉ်၌ ဆိုဗီယက်ဝန်ကြီးချုပ် မာရှယ်ဘူလ်ဂါနင်၏ ဧည့်ခံပွဲတွင် ဝန်ကြီးချုပ် ဦးနုက “၁၉၅၅ ခုနှစ် ဇူလိုင် ၁ ရက်နေ့က ပြုလုပ်ချုပ်ဆိုခဲ့ကြသည့် ဆိုဗီယက်- ဗမာ ကူးသန်းရောင်းဝယ်ရေး စာချုပ်ကြီးကဆိုလျှင် နှစ်နိုင်ငံစီးပွားရေး ဆက်သွယ်မှု တိုးတက်ကောင်းမွန်လာမည့်  ခေတ်ကြီးတခုကို ခရီးဦးကြိုပြုခဲ့ပြီဖြစ်ကြောင်း၊ ဆန်မှာ ဗမာပြည်၏ အရေးကြီးဆုံးသော ထွက်ကုန် တရပ်ဖြစ်ကြောင်း၊ ဗမာပြည်တွင် ဆန်တွေပိုလျှံနေ၍ အရောင်းရခက်သည့် ယခုလို အချိန်အခါမျိုးထဲတွင် ဆိုဗီယက်ယူနီယန်အစိုးရက ဗမာဆန်များကို ဝယ်ယူရန် ဆုံးဖြတ်လိုက်ခြင်းသည် မိမိတို့ နိုင်ငံကို အကြပ်အတည်းထဲမှ ကယ်တင်လိုက်ခြင်းပင် မည်ကြောင်း၊ မိမိတို့သည် မိမိတို့နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်နေကြပြီဖြစ်ရာ ဆိုဗီယက်နိုင်ငံမှ စက်ကိရိယာပစ္စည်းများကို ဝယ်ယူရတော့မည့်အပြင် ဆိုဗီယက်စက်မှုလက်မှု ပညာသည်များကိုပါ ခေါ်ယူရဖွယ်ရာရှိကြောင်း၊ သို့ကလို မိမိတို့က ပိုလျှံနေသည့် ဆန်တွေရောင်းပြီး အထက်ဖော်ပြပါအတိုင်း ဆိုဗီယက်ထံမှ စက်မှုလက်မှုပညာသည်များနှင့် ပစ္စည်းကိရိယာများကို လဲလှယ်ယူငင်ကြရခြင်းဖြင့် မိမိတို့နှစ်နိုင်ငံသည် ကူးသန်းရောင်းဝယ်ရေးဘက်တွင်သာမက ယဉ်ကျေးမှုဘက်ကပါ ဆက်သွယ်မှု ပိုမိုရင်းနှီး လာမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု ၁၉၅၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ထုတ် ဟံသာဝတီ သတင်းစာတွင် ဖော်ပြခဲ့သည်။
 
ယင်းခရီးစဉ်အတွင်း မော်စကိုမြို့ရှိ ကရင်မလင် နန်းတော်၌ ဆိုဗီယက်ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့သည့် နု-ဘူလ်ဂါနင် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ၁၉၅၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ထိုထုတ်ပြန်ချက်တွင် “ ဆိုဗီယက် ယူနီယန်နှင့် ဗမာနိုင်ငံတို့အနာဂတ် ဆက်ဆံရေးသည် အိန္ဒိယ၊ ကွန်မြူနစ် တရုတ်ပြည်နှင့် အခြားနိုင်ငံအချို့တို့က လက်ခံထားပြီးဖြစ်သည့် ငြိမ်းချမ်းရေးမူ ၅ ချက်တွင်သာ မူတည်သွားမည်ဆိုကြောင်း၊ မြန်မာနှင့် ဆိုဗီယက်တို့ကြား မကြာသေးမီက ချုပ်ဆိုလိုက်သည့် ကူးသန်းရောင်းဝယ်ရေး စာချုပ်ကြောင့် နှစ်နိုင်ငံ၏ ရင်းနှီးမှုကို ပိုမိုနီးကပ်စေသည်နှင့် လျော်ညီစွာ နှစ်နိုင်ငံတို့၏ သဘောထား အယူအဆများ လဲလှယ်နိုင်ရေးကိုပါ တဆင့်တက် ဖန်တည်းနိုင်မည်ဖြစ်ရာ ကမ္ဘာကြီးတစ်ဝှမ်းလုံးအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံမှုရရှိရေးဆီသို့ပင် ဆိုက်ရောက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်းကိုလည်း ဝန်ကြီးချုပ်နှစ်ဦးက ထည့်သွင်းဖော်ပြထားကြောင်း” ၁၉၅၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာတွင် ဟံသာဝတီဦးစိန်က ရေးသားခဲ့ပေသည်။

မော်စကိုမြို့ရောက် မြန်မာသတင်းစာဆရာများ

၁၉၅၅ ခုနှစ် ဝန်ကြီးချုပ်ဦးနု၏ ခရီးစဉ်နှင့်အတူ မြန်မာနိုင်ငံမှ သတင်းစာဆရာ ခြောက်ဦးတို့လည်း လိုက်ပါသွားခဲ့သည်။ အဆိုပါ သတင်းစာဆရာများမှာ မြန်မာ့အလင်းသတင်းစာမှ ဦးသောင်းညွန့်၊ ရန်ကုန်သတင်းစာမှ ဦးယုမောင်၊ မဏ္ဍိုင်သတင်းစာမှ ဦးလှကြည်၊ နယူးတိုင်းအော့ဖ်ဘားမားမှ ဦးဖေတင်နှင့် ဟံသာဝတီဦးစိန်တို့ဖြစ်ကြပြီး ဝန်ကြီးချုပ်၏ ခရီးစဉ်တစ်လျှောက် လိုက်ပါသွားခဲ့ကြကြောင်း သိရသည်။

ထို့အတူပင် ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း၌ ဆိုဗီယက်သတင်းစာဆရာ နှစ်ဦးနှင့် ဆိုဗီယက်ယူနီယံ နိုင်ငံခြားတိုင်းပြည်များနှင့် မိတ်ဆွေဖြစ်ရေး၊ ယဉ်ကျေးမှု ဆက်သွယ်ရေးအသင်းချုပ်မှ ဒေါက်တာ လယူဘို မုံဒိုရိုတာနှင့် ဒေါက်တာ ဆာရိုလောဗ် တို့လည်း မြန်မာနိုင်ငံသို့ လေ့လာရေးခရီးစဉ် လာရောက်ခဲ့ရာ ထိုစဉ်က မြန်မာနိုင်ငံစာပေလုပ်သား ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝန် (မင်းသုဝဏ်)၊ အတွင်းရေးမှူး ဦးထင်ကြီး (တက္ကသိုလ် ထင်ကြီး)နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဘကြည် (ပန်းချီ)နှင့် ဦးမြတ်သူ (တက္ကသိုလ် မြတ်သူ)တို့က တွေ့ဆုံဧည့်ခံခဲ့သည်။

ဆိုဗီယက်သတင်းစာဆရာအဖွဲ့သည် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ် သောင်းဒန်နှင့် တွေ့ဆုံခဲ့သည့်အပြင် မင်္ဂလာဒုံ ဗဟိုနိုင်ငံရေးသိပ္ပံနှင့် အခြားနေရာများသို့ သွားရောက်လေ့လာခဲ့ပြီး ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

ရုရှား- မြန်မာ ရွှေလမ်းငွေလမ်းဖောက်ပြီဆိုခြင်း

အလားတူပင် ဝန်ကြီးချုပ် ဦးနု၏ ခရီးစဉ်တွင် ဖိတ်ကြားချက်အရ ဆိုဗီယက်နိုင်ငံ ဝန်ကြီးချုပ် မာရှယ် ဘူလ်ဂါနင်နှင့် ဆိုဗီယက်နိုင်ငံ ကွန်မြူနစ် ပါတီ အထွေထွေအတွင်းရေးမှူး နီကီတာ ကရူး ရှက်(ဖ်)တို့ကလည်း ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက် နေ့မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်ရာ မင်္ဂလာဒုံလေဆိပ်၌ လူထုအင်အား ထောင်သောင်းချီ၍ အထူးဧည့်ခံကြိုဆိုခဲ့သည်။ ယင်းဧည့်ခံကြိုဆိုပွဲတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားသည့် မိန့်ခွန်း၌ “၁၉၅၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်သည် ရုရှား- မြန်မာ ရွှေလမ်းငွေလမ်း ဖောက်ရုံတင်မကဘဲ ကမ္ဘာ့ငြိမ်းချမ်းရေးကြီး ဖြစ်ထွန်းစေရန် ဖော်ပြခြင်းပင်ဖြစ်ကြောင်း၊ အဆိုပါ စေ့စပ်ဖြေရှင်းနည်းလမ်းကို ယခုအခါ များစွာသော နိုင်ငံများက လိုက်လံကျင့်သုံးနေပြီဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဆိုဗီယက်ခေါင်းဆောင်နှစ်ဦးတို့၏ ခရီးစဉ်တွင်လည်း ဆိုဗီယက်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအတွက် နု-ဘူလ်ဂါနင်- ကရူးရှက်(ဖ်)ကြေညာချက်ကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပူးတွဲလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် “ငြိမ်းချမ်းစွာ အတူနေရေးမူများက ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုတို့၏ စီးပွားရေး၊ ယဉ်ကျေးမှု၊ လောကဓာတ်နှင့် စက်မှုလက်မှု ဆိုင်ရာတို့တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းများစွာ ပွင့်လန်းစေသည်ဟုလည်း ခေါင်းဆောင်ကြီးများက ယုံကြည်ကြလေသည်။ အထက်ပါလုပ်ငန်းများတွင် နှစ်ပြည်ထောင် ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း သံဒိဋ္ဌာန်ချမှတ်ကြသည်”ဟု ဖော်ပြထားသည်။

ဇိမ်ခံလေယာဉ်ကြီး

ထိုခရီးစဉ် ရလဒ်များအဖြစ် ဝန်ကြီးချုပ် ဦးနု အတွက် အလူးရှင်း ဇိမ်ခံလေယာဉ်ကြီး တစ်စင်းနှင့် လက်ဆောင်ပဏ္ဏာများကို ရရှိခဲ့သည်။ ၁၉၅၇ ခုနှစ် ဇန်နဝါရီလတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံအကြား ရန်ကုန်မြို့တွင် စက်မှု နည်းပညာတက္ကသိုလ်၊ အင်းယားလိတ်ဟိုတယ်နှင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ ဆောက်လုပ်ရန်အတွက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၉၆၁ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့သည်။ ယင်း အဆောက်အအုံများအပြင် ၁၉၆၇ ခုနှစ်တွင် ကြက်မောက်တောင် ရေလှောင်တမံကိုလည်း ဆိုဗီယက်ပြည်ထောင်စု၏ အကူအညီများဖြင့် ဆောက်လုပ်နိုင်ခဲ့သည်။

ယင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံ နိုင်ငံခြားရေးရုံးမှ ဆိုဗီယက်-မြန်မာ စီးပွားရေး ဆက်သွယ်မှုများပါရှိသော ထုတ်ပြန်ကြေညာချက် တစ်ရပ်ကို နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီခွဲတွင် ထုတ်ပြန်ခဲ့ရာတွင် “ဆိုဗီယက်ပြည်ထောင်စုအစိုးရသည် မြန်မာနိုင်ငံ လယ်ယာလုပ်ငန်း တိုးတက်ရေး စီမံကိန်းအတွက်၎င်း၊ အကြီးစား ဆည်မြောင်း လုပ်ငန်းများ ဆောက်ရာ၌၎င်း၊ အချို့သော စက်မှုလက်မှုဆိုင်ရာ စက်များတည်ဆောက်ရာ၌ ၎င်း၊ မြန်မာနိုင်ငံတော်အစိုးရအား အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုပေးမည်ဖြစ်ကြောင်း၊ ထိုသို့ပေးရာ၌ ပါဝင်မည့်ပစ္စည်းများနှင့် ပညာနှင့် လူအားအတွက် ပေးဆပ်ရန်ကြေးငွေများကို မြန်မာနိုင်ငံက ဆန်ဖြင့် ပေးဆပ်ရမည်ဖြစ်ရာ ပေးဆပ်ရန် ဆန်မလုံလောက်ခဲ့သော် ထိုဆန်ကိုပင် နှစ်ကာလ ကြာရှည်စွာ အလီလီပေးရန်ဖြစ်၏”ဟု ဖော်ပြပါ ရှိခဲ့သည်။

ပိုမိုနက်ရှိုင်းစွာ နီးကပ်လာခဲ့

ထိုသို့ ၁၉၅၅ ခုနှစ်တွင် အစပြုခဲ့သည့် ဆိုဗီယက်- မြန်မာခေါင်းဆောင်များ အပြန်အလှန် ခရီးစဉ်များအပြီးတွင် ရုရှား-မြန်မာဆက်ဆံရေး ပိုမိုနက်ရှိုင်းစွာ နီးကပ်လာခဲ့ပြီး ၁၉၆၄ ခုနှစ်အတွင်း ရုရှား- မြန်မာလေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးစာချုပ်ကိုလည်း သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ထို့ပြင် ၁၉၇၀ ပြည့်နှစ်များအတွင်း ရုရှားနိုင်ငံမှ အနုပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်၍ ယဉ်ကျေးမှုများ ကူးလူးဖလှယ်ခြင်းနှင့် ရုရှားနိုင်ငံမှ အားကစားအဖွဲ့များ လာရောက်၍ မြန်မာနိုင်ငံ ဘောလုံးအသင်းများနှင့် ချစ်ကြည်ရေး လာရောက် ယှဉ်ပြိုင်ကစားခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများတွင် တွေ့ရှိရပေသည်။

ထို့အတူပင် ဗိုလ်ချုပ်ကြီး နေဝင်း တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဖြစ်လာပြီးနောက် ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကာ ဆိုဗီယက်ခေါင်းဆောင် လီယိုနိဒ်ဘရယ်ရ်ဇ်ညက်ဗ်၊ အဲလက်စေး ကိုစီဂင်န်၊ အန်နာစတပ်(စ်) မီကိုရန်တို့ နှင့် တွေ့ဆုံခဲ့သည်။ ထိုကဲ့သို့ ၁၉၇၀- ၁၉၈၀  ပြည့်လွန်နှစ်များတွင်လည်း ဆိုဗီယက်-မြန်မာ သံတမန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။

မြန်မာထဲမှ ပထမဆုံး ဘူမိဇလ၊ ဘူမိဗေဒပညာရှင်

နောက်ပိုင်းတွင်လည်း နှစ်နိုင်ငံပညာရေး နယ်ပယ်ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၁၉၇၂ ခုနှစ်တွင် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များအရ ကျောင်းသားများ အပြန်အလှန် ဖလှယ်မှုအစီအစဉ်ကို စတင်ခဲ့ကာ ဆိုဗီယက် ပြည်ထောင်စု မော်စကိုမြို့ရှိ တက္ကသိုလ်များသို့ မြန်မာပညာတော်သင်များစေလွှတ်၍ ပညာသင်ကြားစေခဲ့သည်။

၁၉၆၈ ခုနှစ်ဝန်းကျင်တွင် မော်စကိုမြို့ရှိ ဘူမိဗေဒတက္ကသိုလ်၌ သွားရောက်ပညာသင်ကြားနေသူများမှာ ဘွဲ့လွန်ပညာတော်သင် ဦးမောင်သင်း၊ ဦးကြည်၊ ဦးဟုတ်မိုးနှင့် ဦးသိန်းဝင်းတို့ ဖြစ်ကြောင်း၊ ထိုအချိန်က မော်စကို ဘူမိဗေဒတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာပျိုတာကလီမင်က “ဦးမောင်သင်းသည် ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒဘာသာဖြင့် အောင်မြင်လာပြီး မြေအောက်ရေကြော နှင့်ပတ်သက်သည့် ပညာလေ့လာရန် မော်စကိုသို့ ရောက်ရှိနေကြောင်း၊ ၎င်းတင်သွင်းသည့် စာတမ်းသည် မြန်မာပြည်တောင်ပိုင်းတွင် ဘူမိဇလ၊ ဘူမိဗေဒသုတေသနလုပ်နည်းစာတမ်းဖြစ်ပြီး အပူ ပိုင်းရာသီဥတုတွင် မြေအောက်ရေကြော ရှာဖွေနည်းဖြစ်ကာ ဦးမောင်သင်းသည် မြန်မာထဲက ပထမဆုံး ဘူမိဇလ၊ ဘူမိဗေဒပညာရှင် ဖြစ်လာမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု ၁၉၆၈ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာက ဖော်ပြထားသည်။

၁၉၇၀ ပြည့်နှစ် ဆိုဗီယက်ရိုးရာအနုပညာပြပွဲ

ထို့အတူ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ဖြင့်ပင် ပြည်ထောင်စုမြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆိုဗီယက်အစိုးရတို့က ကြီးမှူးကျင်းပသည့် ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု၏ ရိုးရာယဉ်ကျေးမှု အနုပညာလက်ရာ ပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ အမျိုးသားပြတိုက် ပထမထပ်၌ ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ ခင်းကျင်းပြသခဲ့သည်။ အဆိုပါပြပွဲ ခင်းကျင်းပြသခြင်းသည် မြန်မာနိုင်ငံနှင့် ဆိုဗီယက် ယူနီယံပြည်သူနှစ်ရပ်အကြား အပြန် အလှန်နားလည်မှုနှင့် ချစ်ကြည်ရေး ဆက်လက် ခိုင်မာရေးကို မုချအထောက်အကူပြုလိမ့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆိုဗီယက်နိုင်ငံ သံအမတ်ကြီးက ပြောကြားခဲ့သည်။

လက်ရှိ ရုရှား - မြန်မာမိတ်ဖက်ဆက်ဆံရေး

လက်ရှိအချိန်တွင်လည်း ရုရှား-မြန်မာ မိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့ပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစရှိသည့် ကဏ္ဍပေါင်းစုံတွင်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်အပြင် တောင်ကြီးမြို့အနီးရှိ ပင်းပက် အမှတ် (၂) သံမဏိစက်ရုံဆောက်လုပ် ရေးတွင်လည်း ရုရှားကုမ္ပဏီ “ကျာ(ရှ်)ပရော(မ်) အိတ်စပေါ့(သ်)” က “ရိုမက်(သ်)” ရုရှားအဆင့်မြင့် နည်းပညာကို အသုံးပြုကာ ပါဝင်ဆောက်လုပ်ခဲ့သည်။

ထို့ပြင် စစ်ဘက်- နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ရုရှား- မြန်မာဆက်ဆံရေး တိုးတက်ကောင်းမွန်သည့် အချက်တစ်ခုဖြစ်ပြီး ကာကွယ်ရေးကဏ္ဍဆိုင်ရာ အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်များကို စတင်လျက်ရှိပေသည်။

လက်ရှိအချိန်တွင် ရုရှားနိုင်ငံရှိ အဆင့်မြင့် တက္ကသိုလ်များ၌ လွန်ခဲ့သော ၁၅ နှစ်ခန့်မှစ၍ မြန်မာနိုင်ငံမှ ပညာတော်သင်များ ထပ်မံစေလွှတ်ခဲ့ရာ ၂၀၁၈ ခုနှစ်အထိ မြန်မာကျောင်းသား ၆၀၀၀ ကျော်သည် ရုရှားနိုင်ငံ၏ မဟာဘွဲ့ရပြီးသူများနှင့် အချို့မှာ ပါရဂူဘွဲ့ရပြီးသူများလည်းရှိသည့်အပြင် ရာနှင့်ချီသော ကျောင်းသားကျောင်းသူများသည် ရုရှားနိုင်ငံ၏ တက္ကသိုလ်ပညာရပ်များကို ယနေ့ အချိန်ထိ ဆက်လက်ပညာသင်ကြားလျက်ရှိကြပေသည်။
 
အချုပ်အားဖြင့်ဆိုရသော် ၁၉၄၈ ခုနှစ်မှ အစပြုခဲ့သည့် မြန်မာ- ရုရှား စိန်ရတု သံတမန် ဆက်ဆံရေးမှသည် နောင်အနာဂတ်တွင် မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်အောင်မြင်သော နိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ရေး ကဏ္ဍ ပေါင်းစုံတွင် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြု ရေးသားတင်ပြလိုက်ရပါသည်။ ။

ကိုးကား -

-     ၁၉၅၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလထုတ် ဟံသာဝတီ သတင်းစာများ။

-    ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလထုတ် မြန်မာ့အလင်း သတင်းစာ။

-    မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးထုတ်ပြန်ချက်များ။