၂၇ မတ်
ဗင်နီဇွဲလားနိုင်ငံမှာ ရုရှားစစ်တပ်ရောက်ရှိနေခြင်းဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်တာဖြစ်ကြောင်း အတိုက်ခံခေါင်းဆောင်၊ စင်ပြိုင်သမ္မတ ဝမ်ဂွိုက်ဒိုကပြောကြားလိုက်ပါတယ်။
သမ္မတ နီကိုလပ်မာဒူရို ရဲ့ အစိုးရဟာ နိုင်ငံ့စစ်တပ်ကို မယုံကြည်တဲ့အတွက် အခုလို နိုင်ငံခြားက တပ်တွေကို လက်ခံတာဖြစ်တယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်။ ဗင်နီဇွဲလားမှာ လျှပ်စစ်မီး ပျက်နေတဲ့အတွက် ရုရှားလေယာဉ်တွေက မီးအားပေးစက်တွေ၊ အင်ဂျင်နီယာတွေကို သယ်လာတာ မဟုတ်ဘူး။ ဗင်နီဇွဲလားမြေပေါ်ကို နိုင်ငံခြားစစ်တပ်သယ်လာတာသာဖြစ်တယ်လို့ အတိုက်ခံခေါင်းဆောင် ဂွိုက်ဒိုက သတင်းဌာနတွေကို ပြောပါတယ်။
ရုရှားစစ်သား ၁၀ဝ ဦးနှင့် စစ်လက်နက်အမြောက်အများ တင်ဆောင်ထားတဲ့ ရုရှားစစ်လေယာဉ် နှစ်စင်းဟာ ဗင်နီဇွဲလားနိုင်ငံကို ပြီးခဲ့တဲ့ စနေနေ့က ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
ရုရှားစစ်တပ် ဗင်နီဇွဲလားနိုင်ငံကို ရောက်ရှိလာခြင်းဟာ ဒေသတွင်းငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့အတွက် လီမာအဖွဲ့ (လက်တင်အမေရိကန်နိုင်ငံများ အဖွဲ့) ကလည်း အင်္ဂါနေ့က ရှုတ်ချခဲ့ပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ သက်ဆိုင်ရာဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရနှင့် ဥပဒေကို လိုက်နာမှုတွေ ရှိကြောင်း၊ အမေရိကန်ဟာ ဗင်နီဇွဲလားမှာ စစ်အာဏာသိမ်းဖို့အတွက် လုပ်ဆောင်နေတာဖြစ်တယ်။ အဲဒါကို သတိပေးဖို့အတွက်ဖြစ်တယ်လို့ ရုရှားစစ်လေယာဉ်တွေ ဗင်နီဇွဲလားနိုင်ငံကိုရောက်ရှိနေတာနဲ့ ပတ်သတ်ပြီး ပြောဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားက ပဋိပက္ခတွေကို ပိုပြီးကြီးထွားအောင် လုပ်ဆောင်နေတာကိုလည်း အမေရိကန်အနေနဲ့ ကြည့်နေမှာ မဟုတ်ဘူးလို့ ပြန်လည်သတိပေးလိုက်ပါတယ်။
လီမာအဖွဲ့မှာ အာဂျင်းတီးနား၊ ဘရာဇီး၊ ကနေဒါ၊ ချီလီ၊ ကိုလံဘီယာ၊ ကော့စတာရီကာ၊ ဂွါတီမှာလာ၊ ဂီယာနာ၊ ဟွန်ဒူးရပ်၊ ပနားမာ၊ ပါရာဂွေး၊ ပီရူးနှင့် စန်တာလူစီယာ နိုင်ငံတွေပါဝင်ကြပါတယ်။
MDN
ကိုးကား - AFP