မော်စကို ၁ အောက်တိုဘာ
ရုရှားနိုင်ငံသည် ၎င်း၏ Topol-M အမျိုးအစား တိုက်ချင်းပစ်ဒုံးကျည်ကို နိုင်ငံ၏မြောက်ဘက် အာခန်ဂျဲလ်စ်ခ်ဒေသရှိ ပလဆက်ခ် ဒုံးပစ်ကွင်းမှ စက်တင်ဘာ ၃၀ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာနက ပြောကြားသည်။
အတုဖြင့် ပြုလုပ်ထားသော ဒုံးကျည်ထိပ်ဖူးသည် ပလဆက်ခ် ဒုံးပစ်ကွင်းမှ ကီလိုမီတာ ၅၅၀၀ ကျော်ရှိ အကွာအဝေးကို ဖြတ်သန်းကာ ကမ်ချတ်ကာကျွန်းဆွယ်ပေါ်ရှိ သတ်မှတ်ထားသည့် ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ အသံလွှင့်ဌာနက ကြေညာသည်။
အဆိုပါ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် ရုရှားမဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့အနေဖြင့် Topol-M တိုက်ချင်းပစ်ဒုံးကျည်ကို တိုက်ပွဲတွင် အဆင်သင့်အသုံးပြုနိုင်မည်ကို နောက်တစ်ကြိမ် အသိအမှတ်ပြုခြင်းပင်ဖြစ်ကြောင်း အသံလွှင့်ဌာနက ထပ်မံဖော်ပြထားသည်။
Topol-M တိုက်ချင်းပစ် ဒုံးကျည်သည် အလေးချိန် ကီလိုတန် ၅၅၀ ရှိ ဒုံးကျည် ထိပ်ဖူးကို တင်ဆောင်ခြင်းနှင့်အတူ ကီလိုမီတာ ၁၁၀၀၀ ခန့် ဝေးကွာသည့် ပစ်မှတ်များကို ထိရောက်စွာ တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သိရသည်။
သို့သော် ရုရှားနိုင်ငံသည် Topol-M တိုက်ချင်းပစ် ဒုံးကျည်များနေရာတွင် Yars တိုက်ချင်းပစ် ဒုံးကျည်များဖြင့် တဖြည်းဖြည်းချင်း အစားထိုးလဲလှယ်သွားမည်ဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားသည်။
ရုရှား၏ Yars အမည်ရှိ တိုက်ချင်းပစ် ဒုံးကျည်ကို ၂၀၀၇ ခုနှစ်က ပထမအကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့သည်။ အဆိုပါ ဒုံးကျည်သည် အကွာအဝေး ကီလိုမီတာ ၁၁၀၀၀ နှင့် ၁၂၀၀၀ အကြားရှိ ပစ်မှတ်များကို ထိရောက်စွာ တိုက်ခိုက်နိုင်စွမ်းရှိပြီး အလေးချိန် ကီလိုတန် ၁၀၀ နှင့် ၃၀၀ အကြားရှိ ဒုံးကျည်ထိပ်ဖူး ခြောက်လုံးနှင့် ၁၀ လုံးအကြား တင်ဆောင်နိုင် ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ