အန်ကာရာ    ၅ ဇွန်

အက်စ်-၄၀ဝ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူရန် ရုရှားနိုင်ငံနှင့်ပြုလုပ်ထားသည့် သဘောတူညီချက်မှ တူရကီနိုင်ငံက နှုတ်ထွက်မည်မဟုတ်ကြောင်း သမ္မတ ရီစက်တေယက်အာဒိုဂန်က ယနေ့ ပြောကြားသည်။

တူရကီနိုင်ငံ၏ အက်စ်-၄၀ဝ လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူလိုသည့်ဆန္ဒမှာ နေတိုး အဖွဲ့မဟာမိတ်များဖြစ်သော တူရကီနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုကြား အဓိကကျသော ယှဉ်ပြိုင်မှု တစ်ခုဖြစ်ခဲ့သည်။ “ကျွန်တော်တို့ ရုရှားနိုင်ငံနဲ့ သဘောတူညီချက်တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အက်စ်-၄၀ဝ ဒုံးကျည်ကာကွယ်ရေးစနစ်ဝယ်ယူဖို့ ဆုံးဖြတ်ထားပါတယ်” ဟု အာဒိုဂန်အား ကိုးကား၍ နိုင်ငံပိုင် အနာဒိုလူသတင်းဌာနက ဖော်ပြခဲ့သည်။ တူရကီနိုင်ငံက ရုရှားလုပ် ဒုံးကျည်ကာကွယ်ရေးစနစ် ဆက်လက်ဝယ်ယူပါက နှစ်နိုင်ငံကြား ပူးတွဲ အက်ဖ်-၃၅ တိုက်လေယာဉ် အစီအစဉ်နှင့် နေတိုးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အကျိုးဆက်များရှိလာမည်ဟု ပင်တဂွန် ထိပ်တန်းတာဝန်ရှိသူ တစ်ဦးက ပြီးခဲ့သည့်အပတ်အတွင်း ပြောကြားခဲ့သည်။

လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူမှုက အနောက်တိုင်း မဟာမိတ်များနှင့် လက်တွဲ ဆောင်ရွက်သည့် နေတိုးအဖွဲ့၏စွမ်းရည်ကို ပျက်စီးစေမည့်အပြင် အမေရိကန်၏ အရေးယူမှုများလည်း ရှိလာမည်ဖြစ်ကြောင်း အမေရိကန် ခေတ္တ လက်ထောက်ကာကွယ်ရေးဝန်ကြီး ကက်သရင်းဝှီဘာဂါက ပြောကြားခဲ့သည်။ တူရကီနိုင်ငံက အမေရိကန်လုပ် အက်ဖ်-၃၅ တိုက်လေယာဉ် အစင်း ၁၀ဝ ဝယ်ယူရန် စီစဉ်နေပြီး လေယာဉ်မှူးအချို့မှာ အမေရိကန်လေယာဉ်မှူးများနှင့် အမေရိကန်ပြည်ထောင်စု၌ လေ့ကျင့်ခဲ့သည်။ ရုရှားနိုင်ငံကဲ့သို့ အပြုသဘောဆောင်သော အဆိုပြုချက်ရှိမှသာ အမေရိကန်လုပ် ပတ်ထရီး ယော့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ယူမည်ဟု အာဒိုဂန်က ပြောကြားခဲ့သည်။

အာဒိုဂန်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဖုန်းဖြင့် စကား ပြောဆိုခဲ့ပြီး ဒုံးကျည်ကာကွယ်ရေးစနစ်ဆိုင်ရာ ပူးတွဲဆောင်ရွက်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးမှာ ယခုလအကုန်တွင် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တော်၌ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံကြမည်ဖြစ်သည်။

ကိုးကား--အေအက်ဖ်ပီ
ဘာသာပြန် -မေဇော်ထက်

 

mdn