အမောင်(မြန်မာပြည်သား)၊ အေးကျော်(ရူပဗေဒ)

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ခေတ်မီ တိုးတက်မှုနှင့် ရှည်လျားသည့် သမိုင်းကြောင်းကို ပုံဖော်ပြသနေသည့် အဆောက်အအုံများက အားပြိုင်နေဟန်ရှိသည်။ မြို့အတွင်း ရစ်ခွေစီးဆင်းနေသည်က မော်စကိုမြစ်၊ ထိုမြစ်ကမ်းဘေးရှိ လမ်းမကြီးထက် မှာ နောက်ဆုံးပေါ် မာစီဒီးအနက်ရောင်တစ်စီး ဦးဆောင်သည့် နိုင်ငံတော်အဆင့် လုံခြုံရေးများဝန်းရံ ထားသည့် မော်တော်ယာဉ်များသည် ခံ့ညားစွာဖြင့် လိုရာခရီးကို ဦးတည်မောင်းနှင်လျက်ရှိသည်။

 

ထိုသို့ နိုင်ငံတော်အဆင့် လုံခြုံရေးများခြံရံထားသည့် ယာဉ်တန်းမှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည်။ ရှည်လျားလှသည့် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းတွင် သမိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်မည့် ခရီးစဉ်အပေါ် အိမ်ရှင်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ လှိုက်လှဲစွာ ခရီးဦးကြိုဆိုမှုနှင့် ဧည့်ဝတ်ကျေပွန်မှုများက စာဖွဲ့ပြ ရလျှင် မပြည့်စုံနိုင်ဟုပင် ထင်မြင်မိပါသည်။

 

၇၄ နှစ်တိုင်ခဲ့ပြီ

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသမိုင်းအား ပြန်ကြည့်မည်ဆိုပါက ရှည်လျားလှသည့် သမိုင်းပုံရိပ်တစ်ခုအဖြစ် မြင်ရမည်ဖြစ်သည်။ နှစ်နိုင်ငံအကြား အပြန်အလှန် သံတမန်ဆက်ဆံမှု အစပြုခဲ့သည်က ယနေ့ကာလ အထိ ဆိုပါက ၇၄ နှစ်ပင် တိုင်ခဲ့ပြီဖြစ်ပြီး သမိုင်း တစ်လျှောက်တွင် ကောင်းမွန်သည့်ဆက်ဆံရေးများသာ ပြည့်လျှမ်းနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သို့ဆိုလျှင် နှစ်နိုင်ငံ၏ တည်နေရာအနေအထားအရ နီးနီးကပ်ကပ်ရှိနေ၍လောဟု အမေးရှိက မဟုတ်ဟုသာ ဆိုရမည်ဖြစ်သည်။ နှစ်နိုင်ငံ၏ ပထဝီအနေအထား ရပ်တည်နေမှုကအလှမ်းဝေးလွန်းလှသည်။ ပထဝီဝင် အနေအထားအရ မည်မျှပင် အလှမ်းကွာဝေးစေကာမူ နှစ်နိုင်ငံဆက်ဆံရေးကား အိမ်နီးချင်းနိုင်ငံများထက် မပိုဟုဆိုလျှင်ပင် မလျော့သော ဆက်ဆံရေးရှိသည်ဟု ဆိုနိုင်သည်။ အတူတကွ ကူးလူးဆက်ဆံနေသည့် သံတမန်ရေးနယ်ပယ်တွင်သာမက ယဉ်ကျေးမှု၊ ပညာရေး စသည့် နယ်ပယ်များတွင်လည်း အပြန်အလှန် ကူးလူးဆက်ဆံနေမှုများက မနည်းလှ။ အခြားသော တစ်ဖက်ဖြစ်သည့် ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နိုင်သည်။ ရုရှားနှင့် မြန်မာနိုင်ငံသည် အလှမ်းဝေးသည့်တိုင် နှစ်နိုင်ငံသည် နောက်ခံသမိုင်းကြောင်း ဖြတ်သန်းခဲ့ရမှု၊ ရင်းနှီးဖော်ရွေသည့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာတို့နှင့် ယဉ်ကျေးမှု၊ ရိုင်းပင်းကူညီတတ်မှုတို့တွင် တူညီမှုများစွာ ရှိနေသည်။ အိမ်နီးချင်းကို ရွေးချယ်ခွင့်မရှိသော်လည်း မိတ်ဆွေကောင်းကိုတော့ ရွေးချယ်ခွင့်ရှိသည်ဟူသော စကားရပ်တစ်ခုရှိသည်။ အိမ်နီးချင်း မိတ်ဆွေများနှင့် ခိုင်မာသည့်ဆက်ဆံရေးကို တည်ဆောက်ရမည် ဖြစ်သကဲ့သို့ ရေခြားမြေခြားမှာရှိနေသည့် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းများနှင့်လည်း ဆက်ဆံ ရေးကောင်းများ မပြတ်ရှိနေရန် လိုအပ်မည်ဖြစ် သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် အလုပ်သဘော လည်ပတ်ရန်အတွက် မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇူလိုင် ၁၀ ရက် ညပိုင်းတွင် ရောက်ရှိခဲ့ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ကြိုဆိုမှုတွင် ထူးခြားမှုပါသည်။ “မင်္ဂလာပါ” ဟူသော မြန်မာသံ ပီပီသသဖြင့် မြန်မာစကားပြောဆို ကြိုဆိုခဲ့မှုက ရုရှား-မြန်မာ နှစ်နိုင်ငံ၏ ရင်းနှီးချစ်ကြည်မှု၊ သံယောဇဉ်တရား စသည်တို့ကို လေးလေးနက်နက် မြင်နိုင်သည်။

 

ထူးခြားချက်အချို့ပါ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ယခုတစ်ကြိမ် ရုရှားနိုင်ငံသို့ သွားရောက်ခြင်းမှာ ယခင်ခရီးစဉ်များ နှင့်မတူ၊ ထူးခြားချက်အချို့ပါသည်။ နှစ်နိုင်ငံကြား လူမှုရေး၊ စီးပွားရေး၊ ကာကွယ်ရေး အစရှိသည့် ကိစ္စရပ်များအပြင် ဗုဒ္ဓဘာသာ သာသနာရောင်ဝါနေသို့ လင်းစေရန်နှင့် ကမ္ဘာအနှံ့ ဖြန့်ကြက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လိုမှု အချို့လည်းပါသည်။ ကိုယ်ချင်းစာတရား၊ လူသားချင်း စာနာထောက်ထားမှု၊ ယဉ်ကျေးသိမ်မွေ့မှု စသည့်အကြောင်း အချင်းအရာများကို အခြေတည်သည့် သာသနာတော်ကြီးအား အထောက်အပံ့ရစေခြင်းအတွက် ရုရှားနိုင်ငံ ကာလုဂါပြည်နယ် ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီးအား တည်ဆောက်ပူဇော်ခဲ့ပြီး သာသနာတော်နှစ် ၂၅၆၆ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါဆိုလပြည့် နေ့ဖြစ်သည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ရတနာစိန်ဖူး တော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါ ဘိသေကအနေ ကဇာတင် မဟာမင်္ဂလာအခမ်းအနား ကို ကျင်းပဆောင်ရွက်ခဲ့သည်။ အဆိုပါ စေတီတော်မြတ်ကြီးအား တည်ထားရာတွင်လည်း ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာတော်ကြီးကမ္ဘာတည် သရွေ့ ထွန်းလင်းတောက်ပနေစေရန်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက် ရေးတွင် ပိုမိုတိုးတက်မှုများရှိစေရန်၊ အရှေ့တိုင်း ဗုဒ္ဓယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို ပြသရန် ရည်ရွယ်၍ ရွှေစည်းခုံ ပုံတူစေတီတော်မြတ်ကြီးကို တည်ထားခဲ့ခြင်းဖြစ်ပါသည်။

 

စေတီတော်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါ ဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်း အနားကျင်းပမည့်နေ့ နံနက်အစောတွင် ကိုယ်စား လှယ်အဖွဲ့၏ လှုပ်ရှားမှုများက သွက်လက်လှသည်။ ပြည်ပနိုင်ငံသို့ ရောက်ရှိနေသည့်တိုင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုကို ရုရှားနိုင်ငံမှတစ်ဆင့် ကမ္ဘာကသိရှိအောင် ကိုယ်စားလှယ်အဖွဲ့ဝင်များသာမက ရုရှားနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်း အားလုံးကလည်း မြန်မာ့ရိုးရာဝတ်စုံကို ဝတ်ဆင်ကြသည်။ မြန်မာအမျိုးသား၊ အမျိုးသမီးများ၏ ရိုးရာယဉ်ကျေးမှု ဝတ်စုံကို ဝတ်ဆင်ထားမှုအား တွေ့မြင်လိုက်ရသည့် ရုရှားလူမျိုးအချို့၏ အထင်ကြီးလေးစားဟန်ကို မြင်ရတော့ မိမိတို့ရိုးရာဝတ်စုံအပေါ် အထင်ကြီးစိတ်လည်း ဝင်မိသည်။

 

ရှုမငြီးဖွယ်မြင်တွေ့ခဲ့ရ

 

ကိုယ်စားလှယ်အဖွဲ့ တည်းခိုသည့်နေရာမှ မဟာမင်္ဂလာအခမ်းအနားကြီး ကျင်းပပြုလုပ်သည့် စေတီတော်ကြီးတည်ရှိရာ ကာလုဂါပြည်နယ်တွင် ရှိသည့် ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်သို့ မော်တော်ယာဉ်များဖြင့် ၄၅ မိနစ်ခန့် သွားခဲ့ရပြီး လမ်းဘေးဝဲယာတစ်လျှောက်တွင်ရှိသည့် သစ်တော စိုက်ခင်းများ၊ ဂျုံနှင့် ကောက်ပဲသီးနှံ စိုက်ခင်းများကို ရှုမငြီးဖွယ် မြင်တွေ့ခဲ့ရပါသည်။ သစ်တောထွက် ထုတ်ကုန် သစ်လုံးကြီးများကို ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ဖြတ်တောက် စုပုံထားရှိမှုကလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စနစ်ကျနမှုကို မပြောပြဘဲ သိမြင်ခဲ့ရပါသည်။ ခရီးလမ်းတစ်လျှောက် မြို့တွင်း မြို့ပြင် လမ်းလျှောက်သူ၊ ယာဉ်မောင်းနှင်သူ၊ ယာဉ် လမ်းကြောထိန်းသိမ်းသူတို့ အပေးအယူ မျှတစွာဖြင့် သွားလာလှုပ်ရှား မောင်းနှင်နေမှုများကို တွေ့မြင်ရသည့်အတွက်လည်း ရုရှားဖက်ဒရေးရှင်း နိုင်ငံသားများ၏ စည်းကမ်းလိုက်နာမှု၊ စနစ်တကျရှိမှု၊ အဆင့် အတန်းရှိမှုတို့ကို သိမြင်ခဲ့ရပါသည်။

 

မဟာမင်္ဂလာအခမ်းအနားကြီး ကျင်းပပြုလုပ် မည့် စေတီတော်ကြီး၏ ပရိဝုဏ်သို့ ရောက်ရှိချိန်တွင် ထင်မှတ်မထားသော မြင်ကွင်းကို အံ့အားသင့်ဖွယ် မြင်တွေ့ရသည်။ မြင်တွေ့လိုက်ရသည့်မြင်ကွင်းမှာ မိမိတို့ မြန်မာနိုင်ငံတွင်မဟုတ်ဘဲ ရုရှားနိုင်ငံကဲ့သို့သော ပြည်ပနိုင်ငံတစ်ခုတွင်ပြုလုပ်သည့် ဘာသာရေး အခမ်းအနားတစ်ခုအနေဖြင့် မိမိထင်မှတ်ထားသည် ထက် လူဦးရေပရိသတ်များ များပြားနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ အထွတ်အမြတ်ထားရာ ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုကိုပြသသည့် အခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Orthodox ဘုန်းတော်ကြီးများ၊ လားမားဘုန်းတော်ကြီးများကပါ တက်ရောက်ကြသည်ကိုတွေ့ရှိရသည်။ ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Konstantin Losifovich Kosachev၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရ အဖွဲ့အစည်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ရုရှား-မြန်မာချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ဧည့်သည်တော်များ၊ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ မော်စကို ထေရဝါဒဗုဒ္ဓ အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့ အစည်းများ၊ နိုင်ငံပေါင်းစုံ သံရုံးနှင့် စစ်သံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများ၊ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည့်ရှုလေ့လာ ကြသည်ကို တွေ့မြင်ခဲ့ရမှုကြောင့် ဗုဒ္ဓဘာသာ သာသနာတော်ကြီး ထွန်းကားပြန့်ပွားရေးအတွက် ယခုကဲ့သို့ အခမ်းအနားကြီး ကျင်းပပြုလုပ်ခဲ့ခြင်းကို များစွာ နှစ်ထောင်းအားရဖြစ်မိပါသည်။

 

mdn

 

ခန့်ညားတည်ကြည်စွာ လွှမ်းမိုးနေ

 

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော် သံများကလည်း ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်ကြီးရဲ့ကောင်းကင်ယံမှာ ပျံ့လွင့်နေပြီး တိတ်ဆိတ်စွာနာယူနေသည့် ပတ်ဝန်းကျင်ကို ခန့်ညားတည်ကြည်စွာ လွှမ်းမိုးနေသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ပင့်ဆောင်၍ မြန်မာတို့၏ ထုံးတမ်းအစဉ်အလာများ နှင့်အညီ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပင့်ဆောင်ပူဇော်ကြသည်။ ဆရာတော်၊ သံဃာတော်များ၊ တက်ရောက်လာသည့် ဗုဒ္ဓဘာသာ ဝင် သူတော်စင်များ၏ နှုတ်မှ ဘုရား၊ တရား၊ သံဃာ ဂုဏ်တို့အားရည်မှန်း၍ ရွတ်ဆိုပူဇော်နေမှု၊ စည်းစနစ်ကျနစွာဖြင့် လှည့်လည်အပူဇော်ခံယူမှု၊ မြင့်မြတ်လှသည့် အစဉ်အလာကောင်းများကို ထိန်းသိမ်းဆောင်ရွက်မှုများအား တက်ရောက်လာ ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် အခြားနိုင်ငံ အသီးသီးများမှ ဧည့်ပရိသတ်များ၏ ရင်သပ်ရှုမော အံ့ဩနေမှုများကလည်း ၎င်းတို့၏ မျက်နှာထက်တွင် အထင်အရှားပေါ်လွင်နေသည်။ လေးနက်တည်ကြည် လှသော မျက်နှာ၊ ရိုးရာယဉ်ကျေးမှုအား ထိန်းသိမ်း နေမှု၊ ဘာသာတရားအပေါ် အလေးအနက်ထားမှုတို့ ကို တဒင်္ဂမဟုတ်သည့်ကာလအတွင်း ကိုယ်စီ ပါရှိလာသည့် ကင်မရာအမျိုးမျိုးဖြင့် မှတ်တမ်းတင် နေကြသည်မှာလည်း ဂုဏ်ယူဖွယ်ရာတွေ့မြင် ရသည်။ မြန်မာ့ရိုးရာ အမျိုးသမီးဝတ်စုံဖြစ်သည့် ချိတ်ထဘီ၊ ရင်ဖုံးအင်္ကျီ၊ စုံချပဝါတို့ဖြင့် လှည့်လည် အပူဇော်ခံရာ လျှောက်လမ်းတစ်လျှောက်တွင် ပန်းကြဲ၍ ကုသိုလ်ယူနေသည့် ရုရှားအမျိုးသမီးငယ် နှစ်ဦးကလည်း အလှတွင် အယဉ်ဆင့်ရုံသာမက ကူးလူးနိုင်သည့် ယဉ်ကျေးမှုသဘောကိုလည်း ကြည်နူးဖွယ် တွေ့မြင်ရသည်။

 

လက်ယာရစ် လှည့်လည်ပူဇော်

 

ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်ကြီး၏ လျှောက်လမ်းတစ်လျှောက် လက်ယာရစ် လှည့်လည်ပူဇော်မှုခံယူပြီးနောက် မင်္ဂလာအချိန်ကျရောက်ချိန်တွင် စေတီတော် အထွတ်သို့ ထုံးတမ်းစဉ်လာများနှင့်အညီ အသီးသီး ပင့်ဆောင်၍ တပ်ဆင်ပူဇော်သည်။ စေတီတော်ကြီးတွင် သက်ဆိုင်ရာဌာနအလိုက် ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့ကို တပ်ဆင်ပူဇော်ပြီးနောက် ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်း၍ မဟာမင်္ဂလာ အခမ်းအနား အောင်မြင်ပြီးမြောက်ခြင်း အထိမ်း အမှတ်အဖြစ် တက်ရောက်လာသည့် ရဟန်းရှင်လူများက “အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ” ဟု ကြွေးကြော်သံကား ဘဝဂ်သို့ပင် လွင့်ပျံသွားမည်ဟု ထင်ရပေသည်။ ဗုဒ္ဓဘာသာ သာသနာအတွက် တစ်ခန်းတစ်ကဏ္ဍ၊ တစ်တိုင်းတစ်ရပ်တွင် အောင်သံ လွှမ်းသည်ကလည်း ကျက်သရေရှိလှပေသည်။ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူ ပူဇော်ခြင်း အောင်မြင်မှုအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးသည့်မြင်ကွင်းက လည်း ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလှပေသည်။ အဆိုပါ မြင်ကွင်းကိုကြည့်၍ တက်ရောက်လာသည့် ရုရှားနိုင်ငံနှင့် အခြားနိုင်ငံအသီးသီးမှ ဧည့်ပရိသတ် များ၏ စိတ်တွင်လည်း မြန်မာလူမျိုးတို့၏ ဘာသာတရားအပေါ် ရိုကျိုးသက်ဝင်မှုသာမက လှူဒါန်းမှုအရာတွင်လည်း လက်မနှေးတတ်သူများအဖြစ် သိမှတ်သွားနိုင်မည်ဟုလည်း ယုံကြည်မိပါသည်။

 

mdn

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပထမဆုံး မြန်မာ့ ယဉ်ကျေးမှုလက်ရာအပြည့်ဖြင့် ရွှေစည်းခုံပုံတူ စေတီတော်ကြီး ယခုကဲ့သို့ တည်ထားနိုင်ရန်အတွက် မြန်မာနိုင်ငံမှ စေတနာရှင် အလှူရှင်များ၊ မြန်မာ့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မတည်လှူဒါန်းမှုဖြင့် စတင်ခဲ့သည်။ စေတီတော်ကြီး အား အောင်မြင်စွာ တည်ထားကိုးကွယ်နိုင်ရေး အတွက် သီတဂူဆရာတော်ကြီး ကိုယ်တော်တိုင် ၁၀ ကြိမ်တိုင်တိုင် ကြွရောက်ကြိုးပမ်းတော်မူခဲ့ပြီး သီတဂူဗုဒ္ဓဝိဟာရ (မော်စကို) တွင် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆရာတော် များ၊ သံအမတ်ကြီးများ၊ စစ်သံမှူးများ ဦးဆောင် စီမံကြီးကြပ်မှုနှင့် မြန်မာ့တပ်မတော်မှ ပညာတော် သင် သင်တန်းသား အရာရှိများ၊ ရုရှားနိုင်ငံမှ ဒါယကာ၊ ဒါယိကာမများစုပေါင်း၍ ဆောင်ရွက်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

 

၎င်းနောက် သီတဂူဆရာတော်ဘုရားကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ကာလုဂါ ပြည်နယ် ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးမြောက်ခြင်းအတွက် ဝမ်းမြောက် ဩဝါဒစကားနှင့် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွား ရေးအတွက် ဆောင်ရွက်ခဲ့သည့် အခြေအနေများကို မြွက်ကြားသည်။ သက်တော်အရ မငယ်လှတော့ သော်လည်း ဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဘာသာ သာသနာတော်အတွက် မဆုတ်မနစ် ကြိုးပမ်း အားထုတ်နေမှုများက ဆရာတော်ကြီး၏ မိန့်မှာ ချက်တွင် အထင်အရှားကြည်ညိုဖွယ်အဖြစ် သိမြင်နိုင်ပါသည်။

 

ခိုင်မာစွာဆောင်ကြဉ်းပေးမည်

 

“ဘာသာ၊ သာသနာ ဟူသည်မှာ လူတို့၏ စိတ်နှလုံး‌အေးချမ်းမှု၊ ငြိမ်းချမ်းသာယာမှုကို အထောက်အပံ့ပြုစေပါကြောင်း၊ သို့ဖြစ်၍ ယခု စေတီတော်မြတ်ကြီးသည်လည်း ရုရှားနိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နှလုံးအေးချမ်းမှု၊ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ ခိုင်မြဲသည့် အေးချမ်းသာယာမှုကို ခိုင်မာစွာဆောင်ကြဉ်းပေးမည်ဟု မိမိအနေဖြင့် အပြည့်အဝယုံကြည်ပါကြောင်း၊ ရွှေစည်းခုံပုံတူ စေတီတော်မြတ်ကြီး တည်ထားနိုင်ရေးအတွက် ကြိုးပမ်းတော်မူခဲ့သည့် သီတဂူဆရာတော်ဘုရားကြီး နှင့် သီတဂူဗုဒ္ဓဝိဟာရ (မော်စကို)မှ ဆရာတော်များအား ကျေးဇူးဥပကာရ တင်ရှိပါကြောင်း၊ ယနေ့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပြီးစီးသည့် ရွှေစည်းခုံပုံတူစေတီတော်မြတ် ကြီးသည် ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်း မှတ်တိုင်တစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စေတီတော်မြတ်ကြီး နှစ်ပေါင်းရှည်ကြာ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး အတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း” ဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားအပြီးတွင် သီတဂူဆရာတော်ကြီးအမှူးပြုသည့် ဆရာတော် သံဃာတော်များကို ဝမ်းမြောက်စွာ လျှောက်ထားခဲ့ သည်။ လျှောက်ထားမှုအပေါ် ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာ ကြသည့် ဧည့်ပရိသတ်များက ဝမ်းမြောက်အနုမော် သာဓုခေါ်ဆိုခဲ့ကြသည်မှာလည်း ကြည်နူးဖွယ် ကောင်းလွန်းလှပါသည်။ ထို့အပြင် အခမ်းအနားသို့ ပါဝင်တက်ရောက်လာကြသည့် လားမားဘုန်းတော် ကြီးနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့ကလည်း စေတီတော်ကြီးအား အောင်မြင်စွာ တည်ထားကိုးကွယ်နိုင်ခဲ့မှုအပေါ် ဝမ်းမြောက်စကား များ အသီးသီးပြောကြားခဲ့ကြသည်။

 

ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်ကြီး အတွင်း ကမ္ဘာ့နိုင်ငံအသီးသီးမှ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများကို လာရောက်လေ့လာနိုင်မည် ဖြစ်ပြီး ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ကြီး အဝင်မုခ်ဦးကို ကျော်လွန်လာသည်နှင့် ဗုဒ္ဓဘာသာ ဝင်များ၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓယဉ်ကျေးမှုကို ပြသနေသည့် ရွှေစည်းခုံပုံတူစေတီတော်မြတ်ကြီးကို ဖူးမြော်တွေ့ရှိနိုင်ပြီ ဖြစ်ပါတော့သည်။

 

(ဆက်လက်ဖော်ပြသွားပါမည်။)