မော်စကို   ၂၈  ဧပြီ

ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် ဆက်လက်မြင့်တက် နေဆဲဖြစ်ပြီး ကူးစက်ခံရသူ ၈၀၀၀၀ ကျော်အထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း ဧပြီ ၂၆ ရက်က ရောဂါကူးစက်ခံရသူ အရေအတွက် ၆၃၀၀ ထက် မနည်းရှိကြောင်း အစိုးရ အာဏာပိုင်များက အတည်ပြုခဲ့သည်။ ယင်းပမာဏသည် နေ့စဉ် ရောဂါကူးစက်ဖြစ်ပွားမှု အနည်းဆုံး ပမာဏဖြစ်ကြောင်း သိရသည်။ ရုရှားအစိုးရက ရောဂါကူးစက်မှုကြောင့် ပြီးခဲ့သည့် မတ်လနှောင်းပိုင်း မှစတင်ကာ ပြည်တွင်းပြည်ပနိုင်ငံတကာ လေကြောင်းလိုင်းများအားလုံး ကို ရပ်နားထားခဲ့သည်။

မော်စကိုမြို့တွင်း၌ ရောဂါ ကူးစက်မှုသည် ရုရှားတစ်နိုင်ငံလုံး၏ ထက်ဝက်ခန့်အထိ ပမာဏရှိကြောင်း သိရသည်။ မြို့တွင်း၌ အာဏာပိုင်များက ပြည်သူများ နေအိမ်အပြင်သို့ မထွက်ကြရန် စည်းကမ်းတင်းကျပ်စွာ ချထားသည်။ ဒေသခံပြည်သူများအနေဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် စီးနင်းလိုက်ပါလိုပါက မြို့တော်အာဏာပိုင်များထံ၌ ခွင့်ပြုချက်တောင်းခံရမည် ဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အစိုးရအဖွဲ့ အနေဖြင့် တင်းကျပ်သော အစီအမံများ ချမှတ်ဆောင်ရွက်နေသည့်တိုင် တိုးတက်မှုရှိသည့် လက္ခဏာတွေ့ရခြင်း မရှိသေးသည့်အတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

အင်န်အိတ်ချ်ကေ