ရုရှားနိုင်ငံ အင်အားကို ထုတ်ဖော် ကြွေးကြော်လိုက်တဲ့ ဗလာဒီမာပူတင်

မော်စကို ၃ မတ်

 

ရုရှားသမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ၂ ပတ်အလိုမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၎င်းရဲ့ ပြည်သူတွေကို မိန့်ခွန်း ပြောကြားရင်း ရုရှားရဲ့ စစ်အင်အားကို ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။  ၂ နာရီ ကြာမြင့်တဲ့ ပူတင်ရဲ့ မိန့်ခွန်းမှာ ရုရှားရဲ့ ခေတ်မီ မဟာဗျူဟာမြောက် လက်နက်များ အကြောင်းကို ထုတ်ဖော် ပြောကြားသွားခဲ့တာဖြစ်ပြီး အဆိုပါ လက်နက်တွေဟာ အမေရိကန်ရဲ့ မည်သည့် ကာကွယ်ရေး စနစ်ကိုမဆို ထိုးဖောက်နိုင်တယ်လို့ ဆိုပါတယ်။ ပူတင်ဟာ နိုင်ငံရဲ့ စီးပွားရေးနဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာဖို့ ကတိပေးထားကာ နောက်ထပ် သမ္မတသက်တမ်းအတွက် အခြားသမ္မတလောင်းတွေနဲ့ ယဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရဖို့ မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။

 

စစ်အင်အား

 

အမေရိကန်ရဲ့ ကမ္ဘာတစ်ဝန်း ဒုံးပျံကာကွယ်ရေး စနစ်တွေ ဖြန့်ကြက်ထားမှုကို ပြန်လည်တုံ့ပြန်တဲ့ အနေနဲ့ ရုရှားဟာ ၎င်းရဲ့ ဗျူဟာမြောက် လက်နက်တွေကို အဆင့်မြှင့်တင်ထားကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ ရုရှားဟာ အကွာအဝေး ကန့်သတ်ချက် မရှိဘဲ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်း ဒေသတွေထိ တိုက်ခိုက်နိုင်တဲ့ ဆာမတ် ခေါ် တိုက်ချင်းပစ် နျူကလီးယား ဒုံးပျံကို စတင်စမ်းသပ်နေကြောင်းနဲ့ ဒုံးပျံကာကွယ်ရေး စနစ်တွေ မတားဆီးနိုင်တဲ့ အခြားဗျူဟာမြောက် လက်နက်တွေကိုလည်း တပ်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ခေတ်သစ် ရေငုပ်သင်္ဘောများ၊ တော်ပီဒိုများ၊ စစ်ရေယာဉ်များထက် မြန်နှုန်းမြင့်ပြီး ကမ္ဘာ့တိုက်ကြီးများအကြား အလွန်နက်ရှိုင်းတဲ့ ရေအောက်ကနေ စစ်ကစားနိုင်တဲ့ ရေအောက် လက်နက်များကိုလည်း တပ်ဆင် အသုံးပြုထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်တဲ့ ဟိုက်ပါဆောနစ် လက်နက်တွေကိုလည်း ပိုင်ဆိုင်ထားပြီး အဆိုပါ လက်နက်တွေဟာ လက်ရှိအသုံးပြုနေကြတဲ့ ကာကွယ်ရေး စနစ်တွေအပြင် နောင်လာမယ့် ကာကွယ်ရေးစနစ် အသစ်တွေကိုပါ ထိုးဖောက်နိုင်တယ်လို့ ၎င်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

 

ကင့်ဇ်ဟဲလ် ဒုံးပျံတွေဟာလည်း သမာရိုးကျ ထိပ်ဖူးအပြင် နျူကလီးယား ထပ်ဖူးကိုပါ တပ်ဆင်နိုင်ပြီး အသံထက် ၁၀ ဆ မြန်နှုန်းနဲ့ ကီလိုမီတာ ၂၀ဝဝ အကွာက ပတ်မှတ်ကို ပစ်ခတ်နိုင်ကြောင်း၊ အသံထက် ၂၀ ဆ မြန်နှုန်းနဲ့ ကမ္ဘာ့တိုက်ကြီးများအကြား ပစ်ခတ်နိုင်တဲ့ အဗန်ဂါ့ဒ် ဒုံးပျံများလည်း ပိုင်ဆိုင်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

ပူတင်ရဲ့ ပြောကြားချက်အရ ရုရှားနိုင်ငံကိုသော် လည်းကောင်း ရုရှားနိုင်ငံရဲ့ မဟာမိတ်တွေကိုသော် လည်းကောင်း နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်လာပါက ချက်ချင်း လက်တုံ့ပြန်သွားမယ်လို့ ကတိပြုပြောကြားသွားခဲ့ပါတယ်။

 

ဘာသာပြန် > စိုးမိုးဇော်
ကိုးကား > ဆင်ဟွာ