ရုရှားနိုင်ငံ Crocus City Hall ကဇာတ်ရုံ အကြမ်းဖက်တိုက်ခိုက်မှုမှ ပြစ်မှုကျူးလွန်သူများကို အကြမ်းဖက်မှုဖြင့်တရားစွဲဆို

မော်စကို၊ မတ် ၂၆

ရုရှားနိုင်ငံ Crocus City Hall ကဇာတ်ရုံ အကြမ်းဖက်တိုက်ခိုက်မှုမှ ပြစ်မှုကျူးလွန်သူလေးဦးကို အကြမ်းဖက်မှုဖြင့် ရုရှားတာဝန်ရှိသူများက တရားစွဲဆိုခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေ  သတင်းတစ်ရပ်အရ သိရသည်။

မတ်  ၂၂  ရက်က မော်စကိုဒေသဆင်ခြေဖုံး Krasnogorsk မြို့ရှိ ကဇာတ်ရုံတိုက်ခိုက်ခံရမှုတွင် ၁၃၇ ဦးသေဆုံးပြီး ၈၂ ဦးအား ဆေးရုံ၌ ကုသမှုများ ဆောင်ရွက်နေရကြောင်း စုံစမ်းစစ်ဆေးရေးကော်မတီက ပြောကြားသည်။  ယင်းဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သူ တရားခံနှစ်ဦးက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး စစ်ဆေးချက်များအရ  ပြစ်မှုကျူးလွန်သူလေးဦးမှာ တာဂျစ်ကစ္စတန်နိုင်ငံသားများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်သမားများနှင့် ဆက်စပ်နေသည့် Amaq သတင်းအေဂျင်စီက ၎င်းတိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အကြမ်းဖက်သမားများက အလိုအလျောက် ပစ်ခတ်နိုင်သည့် သေနတ်များဖြင့် ပစ်ခတ်နေသည့်ရုပ်သံဖိုင်ကို လွှင့်တင်ခဲ့သည်။

ရုရှားနိုင်ငံက မတ် ၂၄ ရက်ကို  နိုင်ငံတော် ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ပြီး နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခဲ့ကာ ယင်းအကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာတွင် နိုင်ငံသားများက ပန်းများချ၍  ယင်းဖြစ်စဉ်အတွင်း  သေဆုံးသူများအား ထပ်တူထပ်မျှဝမ်းနည်းကြောင်း ပြသခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ