မော်စကို ၂၆ ဖေဖော်ဝါရီ

ရုရှားနိုင်ငံ၏ တိုက်လေယာဉ်အသစ် Su-57 အား အိန္ဒိယသို့ ရောင်းချရန် ဖြစ်နိုင်ချေရှိသည်များကို ဆွေးနွေးသွားဖွယ်ရှိကြောင်း ရုရှားအစိုးရပိုင် နည်းပညာလုပ်ငန်းစုကြီးဖြစ်သည့် ရော့စ်တပ်  က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။

ရုရှားနိုင်ငံဟာ စတုတ္ထမျိုးဆက် နှင့် စတုတ္ထမျိုးဆက်လွန် ဂျက်တိုက်လေယာဉ်များကို ရောင်းချသွားရန် အသင့်ရှိနေကြောင်းနှင့် ပဉ္စမျိုးဆက်တိုက်လေယာဉ်များ လွှဲပြောင်းနိုင်ရေးလည်း ဆောင်ရွက်နေကြောင်း ရော့စ်တပ်၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နှင့် ဒေသတွင်း မူဝါဒရေးရာ ဒါရိုက်တာ ဗစ်တာ ကလာဒေါ့ ၏ ပြောကြားချက်ကို TASS သတင်းဌာနက ကိုးကားဖော်ပြချက်များကိုလည်း တွေ့ရသည်။

၎င်း၏ ပြောကြားချက်အရ အိန္ဒိယသည် Su – 57 တိုက်လေယာဉ်များကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း၊ သို့သော် နယူးဒေလီအနေဖြင့် ၎င်းတို့၏ လေတပ်အင်အားကို မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်ဖို့ အရင် စဉ်းစားဆုံးဖြတ်ရန်လိုအပ်ကြောင်း သိရသည်။

အိန္ဒိယအနေဖြင့် Su-57 တိုက်လေယာဉ်များကို ဝယ်ယူခြင်းနှင့် ရုရှားနိုင်ငံက ထုတ်ပေးထားသည့် လိုင်စင်ဖြင့် Su-30 MKI တိုက်လေယာဉ်များကို ထပ်တိုးထုတ်လုပ်ခြင်း အခြေအနေနှစ်ခုအနက် မည်သည့်အခြေအနေက ၎င်းတို့၏ ဗျူဟာနှင့် ကိုက်ညီမှုရှိသည်ကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း ၎င်းကထပ်မံ ပြောဆိုထားသည်။

T-50 ဟု ကနဦးနာမည်ပေးထားသည့် Su-57 တိုက်လေယာဉ်သည် လေယာဉ်မှူးတစ်ဦးမောင်းနှင်ပြီး အင်းဂျင်နှစ်လုံးတပ် ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်ကြောင်း၊ စစ်ကစားနိုင်စွမ်းမြင့်မားကာ အသံထက်မြန်သည့်နှုန်းဖြင့်ပျံသန်းနိုင်သည့် စွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားကြောင်း သိရသည်။

SMZaw (MDN)
Source> Xinhua