၂၅ ဇူလိုင်
ရုရှားနိုင်ငံက နိုင်ငံတကာလေကြောင်း တချို့ကို ဩဂုတ် ၁ ရက်နေ့မှာ ပြန်လည်စတင်ပျံသန်းမယ်လို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် နိုင်ငံတကာ ခရီးစဉ်တွေကို လေးလကြာ ရပ်ဆိုင်းခဲ့ပါတယ်။
ရုရှားနိုင်ငံက နယ်စပ်ဂိတ်တွေနဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေကို မတ်လကစ ပိတ်ခဲ့ပြီး နိုင်ငံတကာကို ရောက်နေနဲ့ ရုရှားနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်တဲ့ လေယာဉ်တွေသာ နယ်စပ်ဂိတ်တွေ ပိတ်ထားစဉ် ဆင်းသက်ခွင့်ရရှိခဲ့ပါတယ်။
ရုရှားဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင် အစည်းဝေးပွဲ ဆုံးဖြတ်ချက်အရ ဩဂုတ် ၁ ရက်နေ့မှာ မော်စကို၊ စိန့်ပီတာစဘတ်နဲ့ ရော့တော့မြို့တွေရှိ လေဆိပ်တွေကနေ လေယာဉ်စတင်ပျံသန်းဖို့ ဆုံးဖြတ်ကြောင်း၊ ရုရှားလေယာဉ်တွေဟာ ဗြိတိန်၊ တန်ဇန်နီးယား နဲ့ တူရကီနိုင်ငံတွေကို ပျံသန်းမယ်လို့ ပြောကြားပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ တူရကီနိုင်ငံ အန်ကာရာနဲ့ အစ္စတန်ဘူလ် မြို့တွေဆီကို ရုရှားလေကြောင်းလိုင်းတွေက ဩဂုတ်လ ၁ ရက်နေ့မှာ စတင်ပျံသန်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဇန်နီးယားရှိ ဇန်ဇီဘာကျွန်းကိုလည်း ရုရှားလေယာဉ်တွေ ပျံသန်းမယ်လို့သိရပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့မှာ တူရကီရှိ ရုရှားလူမျိုးတွေ သဘောကျတဲ့ အပန်းဖြေစခန်းသုံးခုဆီကို လေယာဉ်တွေ စတင်ပျံသန်းလို့ ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားပါတယ်။
ရုရှားနိုင်ငံကို ရောက်ရှိလာမယ့် နိုင်ငံခြားသားတွေဟာ ၇၂ နာရီအတွင်းစစ်ဆေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရှိကြောင်း စစ်ဆေးချက် ပါရှိရမယ်လို့ သိရပါတယ်။
သယ်ယူပို့ဆောင်ရေး ဝန်ကြီးအပြောအရ ရုရှားနိုင်ငံဟာ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြန်လည်စတင်ရန် နိုင်ငံပေါင်း ၃၀ ကျော်နဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။
ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၈၀၀,၈၄၉ ဦးရှိပြီး သေဆုံးသူ ၁၃,၀၄၆ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP