နိုဝင်ဘာ ၁၇
ရုရှားနိုင်ငံတောင်ပိုင်း Astrakhan မြို့တွင် ယမန်နေ့ညနေပိုင်းက အထပ်ငါးထပ်ပါလူနေအဆောက်အဦတစ်လုံး ပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အခြားလူအများအပြားပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှုက ၎င်း၏ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြထားသည်။
အဆိုပါမတော်တဆမှုသည် ဒေသစံတော်ချိန် ည ၆ နာရီ ၂၇ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုအဆောက်အဦ၏နံရံတွင် အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်ပြီးနောက် ပြိုကျသွားခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်အခြေအနေဆိုင်ရာဝန်ကြီးဌာန၊ ဒေသရုံးခွဲ၏ဖော်ပြချက်ကိုကိုးကားပြီး အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ကယ်ဆယ်ရေးသမားများက ထိုအဆောက်အဦမှ ကလေး ၃၇ ဦးအပါအဝင် ၂၁၃ ဦးကို ကယ်ဆယ်ခဲ့ပြီးနောက် ထိုမြို့ရှိ စာသင်ကျောင်းသုံးကျောင်းတွင် ယာယီနေရာချထားပေးခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။
ယင်းအဆောက်အဦ၏တိုက်ခန်းများအနက် တိုက်ခန်းတစ်ခန်းတွင် အလုပ်သမားများ ပြုပြင်မှုလုပ်ဆောင်နေချိန်တွင် အဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို