မော်စကို ဖေဖော်ဝါရီ ၂၁

နိုင်ငံတကာ ဆိုက်ဘာအားကစားပွဲတော်တစ်ခုဖြစ်သည့် Games of the Future 2024 ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ရုရှားနိုင်ငံ ကာဇန်မြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာတစ်ဝန်းရှိ အားကစားအသင်းပေါင်း ၂၇၀ ခန့်မှ အားကစားနည်း ၂၁ မျိုးဖြင့် ယှဉ်ပြိုင်ကြမည့်ကစားသမားပေါင်း ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ပွဲစီစဉ်သူ၏ ပြောကြားချက် အရ  သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရုရှားသမ္မတဗလာဒီမာပူတင်က မိန့်ခွန်းပြောကြားခဲ့ရာ အဆိုပါပွဲတော်ကို ရုရှား နိုင်ငံမှ ကမ္ဘာ့အားကစား မိသားစုအတွက် ပေးအပ်သောလက်ဆောင်တစ်ခုအဖြစ် သတ်မှတ်ခေါ်ဆိုခဲ့ သည်။

ဂိမ်းများသည် နိုင်ငံရေးအရထည့်သွင်းစဉ်းစားမှု၊ ခွဲခြားဆက်ဆံမှုမျိုးများနှင့် လိုသူအပေါ်တစ်မျိုး၊ မလိုသူအပေါ် တစ်မျိုးထားသည့်စံနှုန်းများမှ ကင်းစင်ကြောင်း သမ္မတပူတင်က မှတ်ချက်ပြုလိုက်သည်။

ဖေဖော်ဝါရီ ၂၁ ရက်မှ မတ်လ ၃ ရက်အထိ ကျင်းပပြုလုပ်ရန် ရက်သတ်ထားသည့် အဆိုပါအားကစား ပွဲတော်ကို အားကစား၊ နည်းဗျူဟာ၊ မဟာဗျူဟာ၊ နည်းပညာနှင့် အမြန်နှုန်းစသဖြင့် အမျိုးအစား ငါးမျိုးဖြင့် ခွဲခြားထားကာ  e-sports နှင့် VR/AR နည်းပညာတို့ ပေါင်းစပ်၍ ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။