အောက်တိုဘာ ၁၈

ရုရှားနိုင်ငံ ကရတ်နိုဒါဒေသရှိ ရတ်ခ်မြို့တွင်  ယမန်နေ့က အက်စ်ယူ- ၃၄ တိုက်လေယာဉ်ပျက်ကျခဲ့သဖြင့် သုံးဦးသေဆုံးပြီး အခြား ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တီအေအက်စ်အက်စ်သတင်းအေဂျင်စီက ဖော်ပြထားသည်။
အဆိုပါလေယာဉ်သည် တောင်ပိုင်းစစ်တပ်နယ်မြေရှိလေယာဉ်ကွင်းတစ်ခုမှ လေ့ကျင့်ပျံသန်းစဉ်အတွင်း အမြင့်သို့ပျံတက်နေစဉ်မှာပင်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုလေယာဉ်မှူးများသည် လေယာဉ်ပျက်မကျမီအချိန်ကပင် ဘေးကင်းစွာခုန်ထွက်နိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ပြောကြားချက်ကိုကိုးကားပြီး တီအေအက်စ်အက်စ်က ဖော်ပြထားသည်။

ယင်းလေယာဉ်သည် လူနေအိမ်အဆောက်အဦးဝင်းအတွင်း ပျက်ကျခဲ့ပြီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။
ထိုလေယာဉ်ပျက်ကျမှုဖြစ်ပွားသည့်အကြောင်းရင်းသည် လေယာဉ်အမြင့်သို့ပျံတက်စဉ် အင်ဂျင်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောသည်။

လေယာဉ်ပျက်ကျရာနေရာရှိ အထပ်ကိုးထပ်ရှိလူနေအဆောက်အဦးတွင် အထပ်ပေါင်းများစွာမီးများလောင်ကျွမ်းခဲ့ပြီး တိုက်ခန်းပေါင်း ၁၇ ခန်း ထိခိုက်မှုရှိကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို