ဝါရှင်တန်ဒီစီ ဖေဖော်ဝါရီ ၁၁
ပြင်သစ်သမ္မတ အန်မန်နျူရယ်မက်ခရွန်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ဖေဖော်ဝါရီ ၉ ရက်က ဖုန်းဆက်ပြီး မကြာသေးမီက သွားရောက်ခဲ့သည့် ရုရှားနှင့် ယူကရိန်းခရီးစဉ်အကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်သမ္မတ မက်ခရွန်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖေဖော်ဝါရီ ၇ ရက်က သီးသန့် တွေ့ဆုံဆွေးနွေးမှုများနှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးနှင့် ဖေဖော်ဝါရီ ၈ ရက်က သီးသန့်တွေ့ဆုံ ဆွေးနွေးမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း ပြင်သစ်နှင့် အမေရိကန်အစိုးရများက ပြောသည်။
ယူကရိန်း ပဋိပက္ခကို အောင်မြင်ကျော်လွှားရန် ပြင်သစ်သည် ရုရှား၊ ယူကရိန်းနှင့် ဂျာမနီတို့နှင့် လမ်းကြောင်းလေးသွယ် မူဘောင်အတိုင်း ဆက်လက်ဆွေးနွေးမှုများ လုပ်ဆောင်သွားရန် မက်ခရွန်နှင့်ဘိုင်ဒန်တို့ အတည်ပြုခဲ့သည်။
ပြင်သစ်သည် ယူကရိန်းအရှေ့ပိုင်းတွင် အပစ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် နည်းလမ်းရှာ ကြိုးစားဆောင်ရွက်ရန် သဘောတူခဲ့သည်။ ယူကရိန်း အရှေ့ပိုင်းတွင် အစိုးရတပ်ဖွဲ့များ နှင့်ရုရှားထောက်ခံလက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ရုရှားအရေးနှင့်ပတ်သက်ပြီး ဥရောပခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ ဂျန်ဆောကီက သတင်းထောက်များကို ဖေဖော်ဝါရီ ၉ ရက်က ပြောကြားလိုက်သည်။
အင်န်အိတ်ချ်ကေ