နေပြည်တော် ဒီဇင်ဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara - Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မှနေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့သည် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြရာ ဦးစွာ နေပြည်တော် အမျိုးသားပြတိုက် Mini Thratre ၌ တာဝန်ရှိသူများက ပြတိုက် သမိုင်းကြောင်းကို ဗီဒီယိုမှတ်တမ်းဖြင့် ရှင်းလင်းပြသပြီး သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ လက်ဆောင်ပစ္စည်းများပြခန်း၊ သီဟာသနပလ္လင်ပြခန်းနှင့် နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်များပြခန်းတို့ကို လေ့လာကြည့်ရှုကြသည်။
ယင်းနောက် ကျောက်မျက်ရတနာပြတိုက်သို့သွားရောက် လေ့လာကြရာ ပြတိုက် တာဝန်ရှိသူများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းတစ်တုံးတည်းမှ ထွင်းထုထားသော ဥပ္ပါတသန္တိပုံစံတူ ကျောက်စိမ်းစေတီတော်၊ မြန်မာ့အကြီးဆုံး ပုလဲရတနာ၊ အရည်အသွေးမြင့် ကျောက်စိမ်းတုံးများ၊ ရှားပါးမြန်မာ့တွင်းထွက် ရတနာများဖြစ်သည့် ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာများကို လိုက်လံရှင်းလင်းပြသကြပြီး ဒူးမားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ပြခန်း အောက်ထပ်ရှိ ကျောက်မျက်ရတနာအရောင်းဆိုင်များကို လေ့လာကြည့်ရှုကြသည်။
ညပိုင်းတွင် ဧည်သည်တော်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြရာ တာဝန်ရှိသူများက မော်ကွန်းတိုက်၌ မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအားလုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ ကျောက်စာရုံ စေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှု၊ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေများနှင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့မှုများကို ဗီဒီယို မှတ်တမ်းဖြင့် ရှင်းလင်းပြသသည်။
ထို့နောက် ဧည်သည်တော်အဖွဲ့သည် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့်ဆီးမီးများ ကပ်လှူဖူးမြှော်ကြည်ညိုကြပြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသော အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးနှင့် အဋ္ဌကထာဋီကာ ကျမ်းစာများကို စကျင်ကျောက်များပေါ်၌ ခေတ်မီကိရိယာများ အသုံးပြု၍ ပါဋိအက္ခရာ၊ Roman-ize Language တို့ဖြင့် ထွင်းထုတည် ဆောက်ထားသည့် ကျောက်စာရုံစေတီတော်များကို စိတ်ဝင်တစား လေ့လာဖူးမြှော် ကြည်ညိုခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်



