နေပြည်တော် ဒီဇင်ဘာ ၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲ Mr. Batu Sergeyevich Khassikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ထိုသို့ ဖူးမြော်ကြည်ညိုစဉ် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်၊ သာသနိက အဆောက်အအုံများ၊ ဗုဒ္ဓပြတိုက်နှင့် ဓာတ်ပုံပြခန်းတို့ကို ကြည့်ရှုလေ့လာကြပြီး စေတီတော် ဧည့်ခံတန်ဆောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆက်ကပ်ပူဇော်ကြသည်။
ယင်းနောက် အမျိုးသားပြတိုက်၌ သီဟာသနပလ္လင်ပြခန်း၊ ရတနာပုံခေတ်ပြခန်း၊ မင်းခမ်းတော် ပစ္စည်းပြခန်းများအပါအဝင် မြန်မာ့သမိုင်းဆိုင်ရာ ပြခန်များကို စိတ်ဝင်တစားလေ့လာကြပြီး မြို့တော်ခန်းမ၊ ဝန်ကြီးများရုံး၊ ကန်တော်ကြီးနှင့် ကရဝိက်စသည့် ရန်ကုန်မြို့၏ အထင်ကရနေရာများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြကာ မြန်မာ့ကျောက်မျက်ပြတိုက် အရောင်းဆိုင်များကို သွားရောက်ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် Kalmykia ပြည်နယ်အကြီးအကဲနှင့်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E.Mr. Iskander Azizov၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် သံဃမဟာ နာယက ဘုရားခန်း၌ သွားရောက်ဖူးမြော်ကြည်ညို ကြသည်။
ထိုသို့ လာရောက်ဖူးမြော်ကြည်ညိုစဉ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက ရုရှားနိုင်ငံသည် ရှေးယခင်ကတည်းက ယဉ်ကျေးမှု၊ စာပေ၊ အနုပညာထွန်းကားခဲ့ပြီး ယခုလည်း ထွန်းကားဆဲဖြစ်သည်ကို သိမြင်ရပါကြောင်း၊ ဘက်ပေါင်းစုံ အစဉ်အလာကြီးမားပြီး မြန်မာနိုင်ငံနှင့် ယဉ်ကျေးမှုနှင့် လူမှုရေးရာအဖြာဖြာတွင် ကူးလူးဆက်ဆံနေသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ရှေးယခင်ကတည်းကပင် သံတမန်ဆက်ဆံရေးရှိခဲ့ပြီး ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ပိုမိုကောင်းမွန်သည့် သံတမန်ဆက်ဆံရေးများကြောင့် အားတက်ဝမ်းမြောက်ရ ပါကြောင်း၊ ရုရှားနိုင်ငံ၌ ထေရဝါဒဗုဒ္ဓဘာသာ၏ အထွတ်အမြတ်ထားရာ ရုပ်ပွားစေတီတော်များအား တည်ထားကိုးကွယ်ခွင့်ပြုသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို အားရဝမ်းမြောက်မိပါကြောင်း နှုတ်ခွန်းဆက် ပဋိသန္ဓာရကထာမိန့်ကြားတော်မူသည်။
ထို့နောက် Kalmykia ပြည်နယ်အကြီးအကဲက မိမိတို့ပြည်နယ်သည် ဗုဒ္ဓဘာသာပြန့်ပွားရေး ဆောင်ရွက်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာထွန်းကားပါကြောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအား ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ဗုဒ္ဓဘာသာဖိုရမ်သို့ ပင့်ဖိတ်လိုပါကြောင်း၊ မိမိတို့ ပြည်နယ်တွင် မြန်မာနိုင်ငံကဲ့သို့ ဗုဒ္ဓဘာသာပြန့်ပွားရေးကို ဆောင်ရွက်နိုင်ရန် ယုံကြည်ပါကြောင်း၊ ဗုဒ္ဓဘာသာ ထွန်းကားရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ဆွေးနွေးလျှောက်ထားသည်။
ဆက်လက်၍ Kalmykia ပြည်နယ်အကြီးအကဲနှင့်အဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်ကြီးများအား ဓမ္မပဏ္ဍာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှုခင်းပုံ ကျောက်စီပန်းချီကားကို ဓမ္မပဏ္ဍာအဖြစ် ပေးအပ်သည်။
ညပိုင်းတွင် Kalmykia ပြည်နယ်အကြီးအကဲနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်





