နေပြည်တော် အောက်တိုဘာ ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ The Republic of Buryatia, Ulan-Ude တွင် ကျင်းပမည့် ပထမအကြိမ်အပြည်ပြည်ဆိုင်ရာ အရှေ့ဖျားသိပ္ပံနှင့် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါ ရှာဖွေကုသရေး လက်တွေ့လေ့ကျင့်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆရာဝန်ကြီး(၅)ဦးတို့သည် ယနေ့ ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ တဆင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ် သဘောခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုအရ ဖိတ်ကြားလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ အထူးကုဆရာဝန်များတက်ရောက်၍ အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါ ရှာဖွေကုသရေးပညာရပ်များကို ညှိနှိုင်းဆွေးနွေးကြမည့်အပြင် နိုင်ငံတကာမှပညာရှင်များနှင့် အတွေ့အကြုံများဖလှယ်မည်ဖြစ်ပါသဖြင့် မိမိနိုင်ငံအတွင်း အဏုမြူရောင်ခြည်နည်းပညာ ဖြင့် ကင်ဆာရောဂါရှာဖွေကုသရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွက် အထောက် အကူများစွာရရှိနိုင်ပြီး နိုင်ငံတကာမှ အတွေ့အကြုံကောင်းများ ပြန်လည်မျှဝေပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်