နေပြည်တော် မတ် ၁၂

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ သမ္မတရွေးကောက်ပွဲအား လေ့လာရန်နှင့် မော်စကိုမြို့တွင် ကျင်းပမည့် International Scientific and Practical Conference သို့ တက်ရောက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့မှ ထွက်ခွာ သွားကြသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်နှင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတရွေးကောက်ပွဲအား လေ့လာခြင်းနှင့် International Scientific and Practical Conference သို့ တက်ရောက်ခြင်းအားဖြင့် ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပပုံ နည်းစနစ်များ၊ ရွေးကောက်ပွဲစီမံခန့်ခွဲမှု နည်းလမ်းများ၊ ရွေးကောက်ပွဲတွင် နည်းပညာအသုံးပြု ဆောင်ရွက်နေမှုများကို လေ့လာသိရှိနိုင်မည့်အပြင် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာသူများအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်များ၊ အတွေ့အကြုံ မျှဝေခွင့်များ ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

( သတင်းစဉ်)