နေပြည်တော်၊ မတ် ၂၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မတ်လ ၁၂ ရက်မှ ၂၀ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတရွေးကောက်ပွဲသို့ လေ့လာရေးသွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Ms. Ella Pamfilova နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေး ဗဟိုဌာန၌ ကျင်းပသော ရှင်းလင်းပွဲသို့ တက်ရောက်ခြင်း၊ မော်စကိုမြို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ဌာနချုပ်သို့ သွားရောက်လေ့လာခြင်း၊ မတ်၁၅ ရက်နှင့် ၁၆ ရက်တို့တွင် “ရွေးကောက်ပွဲဆိုင်ရာ အချုပ်အခြာအာဏာပိုင်မှုနှင့် နိုင်ငံတကာစံနှုန်းများ” ခေါင်းစဉ် ဖြင့်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာညီလာခံသို့ ပါဝင်တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကိုယ်စားလှယ်အဖွဲ့သည် မတ်၁၅ ရက်မှ ၁၇ ရက်အတွင်း မော်စကိုမြို့ နှင့် Kolomna ခရိုင် အတွင်းရှိ မဲရုံများတွင် မဲလက်မှတ် အသုံးပြုမဲပေးနေမှု၊ e-Voting စနစ်ဖြင့် မဲပေးနေမှုတို့ကို လေ့လာကြည့်ရှုခဲ့ကြပြီး ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲဆန္ဒရှင်စာရင်းစစ်ဆေးသည့် အဆင့်မှသည် မဲပုံးအတွင်းသို့ မဲစာရွက်ထည့်သည့်အဆင့်အထိ အသေးစိတ် လေ့လာဆောင်ရွက်ခဲ့ကြသည်။ အလားတူ မဲရုံဆောင်ရွက်နေမှု အခြေအနေများကို CCTV ဖြင့် စောင့်ကြည့်လေ့လာနေမှုတို့ကိုလည်း သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
ထို့ပြင်ကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၈ ရက်တွင် ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့ခြင်းနှင့်စပ်လျဉ်းသည့် သုံးသပ်ချက်နှင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
လေ့လာရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပပုံ အခြေအနေများ၊ ရွေးကောက်ပွဲ စီမံခန့်ခွဲမှုနည်းစနစ်များ၊ မဲရုံများဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် နည်းပညာအသုံးပြု ဆောင်ရွက်နေမှုအခြေအနေများနှင့် မဲပေးမှု၊ မဲရေတွက်မှုလုပ်ငန်းစဉ် ဆောင်ရွက်နေမှု အခြေအနေများကို သိရှိလေ့လာခွင့်ရရှိခဲ့ပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများအပါအဝင် အထင်ကရနေရာများသို့သွားရောက် လေ့လာခွင့်များ ရရှိခဲ့ကြသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှ ရွေးကောက်ပွဲလေ့လာသူ ၇၀၆ ဦး လာရောက်လေ့လာခဲ့ကြပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သမ္မတကိုယ်စားလှယ်လောင်း ၄ ဦးအနက် လက်ရှိသမ္မတ ဗလာဒီမာပူတင် က ဆန္ဒမဲ ၈၇ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်