ရန်ကုန် ဇွန် ၁၁
ရန်ကုန်မြို့အခြေစိုက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးက ကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်ဇနီးတို့ တက်ရောက်သည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ် H.E. Mr. Iskander Azizovi စစ်သံမှူးနှင့် တာဝန်ရှိသူတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဇနီး၊ ဧည့်ခံ ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ယင်းနောက် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်၊ သိပ္ပံပညာဆိုင်ရာအောင်မြင်မှုများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာရေးရာဆိုင်ရာ ဗီဒီယိုမှတ်တမ်းကို ဖွင့်လှစ်ပြသပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့တို့က ရိုးရာ ယဉ်ကျေးမှု အကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး တို့သည် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်