နေပြည်တော် ဩဂုတ် ၁၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သိပ္ပံပွဲတော် ၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာများ၌ ကျင်းပသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov နှင့် တာဝန်ရှိသူများ၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး ရုရှားနိုင်ငံသံအမတ်ကြီး H.E.Mr. Iskander Azizov က ဂုဏ်ပြုအမှာစကားပြောကြား၍ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကာ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
အဆိုပါ သိပ္ပံပွဲတော်ကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၌ ဩဂုတ် ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက် ကျင်းပပြုလုပ် ကာ အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် “Chronograph, Nuclear Sprint, Bet Game” စသည့် နျူကလီးယားနှင့် သိပ္ပံပညာဆိုင်ရာ ဉာဏ်စမ်းဂိမ်း ယှဉ်ပြိုင်မှုများ၊ Interactive Quiz ဉာဏ်စမ်းပဟေဠိအစီအစဉ်များ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ဆုများချီး မြှင့်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် “မြန်မာနိုင်ငံတွင် SMRs ဖွံ့ဖြိုးတိုးတက်လာစေရေး အပြန်အလှန်အသုံးချမှု” နှင့်စပ်လျဉ်းသည့် နျူကလီးယားနှင့်ဆက်စပ် Problem များကို ၂၄ နာရီအတွင်း အကောင်း ဆုံးအဖြေများ ပြန်လည်ဖြေကြားသည့် Hackatom ပြိုင်ပွဲကို ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်ပြီး Public Discussion အစီအစဉ်တွင် နျူကလီးယား ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ဘွဲ့ကြို၊ ဘွဲ့လွန် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ လူငယ်ပညာရှင်များ အထိနျူကလီးယားပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များ၊ အတွေ့အကြုံ ဗဟု သုတများ တိုးပွားလာစေခြင်း၊ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာဆိုင်ရာ အသစ်အဆန်းများအား လေ့လာစူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ မီဒီယာများမှတဆင့် နိုင်ငံအတွင်း နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော် ၏ သိပ္ပံနှင့် နျူကလီးယားစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


