မော်စကို ၂၈ ဇူလိုင်
အသံထက်မြန်သည့် ဒုံးကျည်များကို စတင်မိတ်ဆက်ခြင်းအားဖြင့် ရုရှားနိုင်ငံ၏ ရေတပ် စစ်ရေးစွမ်းရည်ကို မြှင့်တင်ရန် ရုရှားသမ္မတဗလာဒီမာပူတင်က အလေးပေးလျက်ရှိကြောင်း သိရသည်။
စိန့်ပီတာစဘတ်မြို့၌ ဇူလိုင် ၂၆ ရက်က ပြုလုပ်ခဲ့သည့် ရုရှားရေတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့မှုအတွင်း သမ္မတပူတင်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ အသံထက်မြန်သည့် တိုက်ခိုက်ရေးစနစ်များနှင့် ရေအောက်ဒရုန်းယာဉ်များ အပါအဝင် အဆင့်မြှင့်တင်ထားသည့် ဒစ်ဂျစ်တယ်နည်းပညာများက ရုရှားရေတပ်ဖွဲ့ကို အနှိုင်းမဲ့အားသာချက်များ ပေးစွမ်းမည်ဖြစ်ကာ ရေတပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်စေမည်ဖြစ်ကြောင်း သမ္မတပူတင်က ပြောကြားခဲ့သည်။
အဆိုပါနေ့၌ပင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် အသံထက်မြန်သည့် ဇီခရွန်ခရုစ် ဒုံးကျည်စမ်းသပ်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဒုံးကျည်ကို သင်္ဘောမျက်နှာပြင်ပေါ်တွင် ချထားနိုင်ကြောင်း သိရသည်။ အသံထက်မြန်သည့် လက်နက်များသည် အသံ၏ အမြန်နှုန်းထက် ငါးဆမြန်အောင် သွားနိုင်စွမ်းရှိပြီး အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေး ကွန်ရက်ကို ထိုးဖောက်နိုင်စွမ်းရှိကြောင်း သိရသည်။
သမ္မတပူတင်၏ မိန့်ခွန်းပြောကြားချက်အရ ၎င်းအနေဖြင့် အနာဂတ်တွင် အသံထက်မြန်သည့် ဒုံးကျည်များကို ရေငုပ်သင်္ဘောများနှင့် အခြားယာဉ်များပေါ်တွင် ဖြန့်ကြက်သွားဟန်ရှိကြောင်း သိရသည်။ ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတတို့သည် လက်နက် ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စကိုလည်း ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေအက်ဖ်ပီ