နေပြည်တော် မတ် ၁၀

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်သည့် ရုရှားရေတပ်မှ စစ်ရေယာဉ်သုံးစင်းတို့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

 

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ Captain 1st Rank Andrei Gaevoi ဦးစီး၍ အရာရှိ ၊ စစ်သည် စုစုပေါင်း ၃၅၀ လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၅ ရက်မှ ယနေ့အထိ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်း၊ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် ရုရှားရေတပ်မှ အရာရှိ၊ စစ်သည်များအကြား ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခြင်း၊ စစ်ရေယာဉ်များပေါ်သို့ အပြန်အလှန်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်