စိန့်ပီတာစဘတ်၊ စက်တင်ဘာ ၂၁
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စိန့်ပီတာစဘတ်တွင် အလည်အပတ်ရောက်ရှိနေသော တရုတ်ထိပ်တန်း သံတမန်ဝမ်ယိနှင့် စက်တင်ဘာ ၂၀ ရက် က တွေ့ဆုံခဲ့ပြီး အုပ်စုဖွဲ့ထိပ်တိုက် ရင်ဆိုင်မှုကိုတွန်းလှန်ကာ နိုင်ငံတကာ တရားမျှတမှုကို အကာအကွယ်ပေးမည်ဟု နှစ်ဖက်အကြား ကတိပြုခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ယိသည် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၁၈ ရက် မှ ၂၀ ရက်အထိ လာရောက်လည်ပတ်ခဲ့သည်။
ယခုနှစ် မတ်လတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် ခေတ်သစ်တစ်ခုဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတပူတင်က ပြောကြားခဲ့သည်။ ထိုအချိန်မှစ၍ နှစ်ဖက်အကြားရရှိခဲ့သော အရေးကြီးသော သဘောတူညီချက်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် အားကစားစသည့် နယ်ပယ်အသီးသီးတွင် အပြု သဘောဆောင်သောရလဒ်များ ထွက်ပေါ်လာခဲ့သည်။
ရုရှားနိုင်ငံသည် အနောက်နိုင်ငံများမှ ချမှတ်ထားသော တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ၏ သက်ရောက်မှုကို ကျော်လွှားနိုင်ခဲ့ပြီး ရုရှား၏စီးပွားရေးသည် ယခုနှစ်တွင် ပုံမှန်အတိုင်းပြန်လည် ကောင်းမွန်လာကာ တရုတ်နိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ရုရှားက အဆင်သင့် ရှိကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်း နှင့် ပိုးလမ်းမစီမံကိန်းကို အလွန်တန်ဖိုးထားပြီး ခိုင်မာစွာ ထောက်ခံကာ၊ BRI ကို အပုပ်ချခြင်းကို ဆန့်ကျင်ပြီးဒေသတွင်း ပေါင်းစည်းမှုကို မြှင့်တင်ရန်အတွက် Eurasian Economic Union နှင့် BRI အကြား ညီညွတ်မှုကိုမြှင့်တင်ရန် ဆန္ဒရှိကြောင်း ပူတင်က အလေးအနက် ပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင် များအကြား ယခုနှစ်အတွင်းတွေ့ဆုံမှုမှ တစ်ဆင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစဉ်ကို ချမှတ်နိုင်ခဲ့ပြီး ဆက်ဆံရေးမြှင့်တင်နိုင်ခဲ့ကြောင်း ဝမ်ယိက ပြောကြားသည်။
ခေါင်းဆောင်များအကြား ရရှိခဲ့သည့် သဘောတူညီချက်များကို အခြေခံလုပ်ငန်း မူဘောင်များအဖြစ်ခံယူကာ ပူးပေါင်း ဆောင်ရွက်ရေးကို ထပ်မံမြှင့်တင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ကိုးကား - စီဂျီတီအင်န်
ဘာသာပြန် - စိုးသူရ