ပြုံယမ်း ဇန်နဝါရီ ၂၂
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယခုနှစ်အစောပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံသို့ လာရောက် လည်ပတ်နိုင်ဖွယ်ရှိကြောင်း မြောက်ကို ရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန် ကြေညာသည်။ ပူတင်သည် ၂၀၀၀ ပြည့်နှစ်တွင် ရုရှားသမ္မတအဖြစ် ပြုံယမ်းသို့ ပထမဆုံးလာရောက်လည်ပတ် ပြီးနောက် ၂၄ နှစ်အတွင်း မြောက်ကိုရီးယားသို့ ၎င်း၏ပထမဆုံးခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချူဆန်ဟူ၏ ရုရှားနိုင်ငံသို့ ဇန်နဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာ တရားဝင်ခရီးစဉ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားအာဏာရပါတီသတင်းစာ Rodong Sinmun က သတင်းဖော်ပြသည်။ သမ္မတပူတင်နှင့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချူဆန်ဟူတို့ တွေ့ဆုံရာတွင် သမ္မတ ပူတင်က ပြုံယမ်းကို လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခြင်းအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ကျေးဇူးတင်ကြောင်း ပြောကြားပြီးမြောက်ကိုရီးယားသို့ ယခုနှစ်အစောပိုင်းတွင် လာရောက် လည်ပတ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချူဆန်ဟူသည် ကိုရီးယားကျွန်းဆွယ်အခြေအနေများနှင့် ပတ်သက်ပြီး ရုရှားအရာရှိများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံမှုများတွင် အမေရိကန်နှင့် မဟာမိတ်များကို တန်ပြန်ရန် ရုရှားနှင့် ဆက်ဆံရေး မြှင့်တင်ရန် ပြုံယမ်း၏ ရည်ရွယ်ချက်ကို မီးမောင်းထိုးပြခဲ့ကြောင်း သိရသည်။ ပူတင်၏ ပြုံယမ်းခရီးစဉ်နှင့်ပတ်သက်ပြီး သံတမန် လမ်းကြောင်းများမှတစ်ဆင့် နှစ်ဖက်ကြားဆွေးနွေး လျက်ရှိကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ဗော့က ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်