မော်စကို ဩဂုတ် ၁၃
ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တယ်လီဖုန်းပြောကြားခဲ့ကြောင်း သိရသည်။
အလက်စကာမြို့၌ ဩဂုတ် ၁၅ ရက်တွင် ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ပူတင်က ကင်ဂျုံအန်နှင့် ဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာကလည်း အဆိုပါဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်ပြီး သတင်းဖော်ပြခဲ့သည်။
အနာဂတ်တွင် ရုရှားအစိုးရ ဆောင်ရွက်မည့် ဆောင်ရွက်မှုအားလုံးကို အပြည့်အဝထောက်ခံမည်ဖြစ်ကြောင်း ကင်ဂျုံအန်၏ ပြောကြားချက်ကို ကိုးကား၍ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာက ပြောကြားသည်။
မြောက်ကိုရီးယားခေါင်းဆောင်၏ တယ်လီဖုန်းပြောဆိုမှုအပေါ် သတင်းဖော်ပြခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာနက ပြောကြားခဲ့သည်။
ရုရှားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မီးမောင်းထိုးပြရန် ခေါင်းဆောင်နှစ်ဦး၏ ဖုန်းခေါ်ဆိုမှုကို ရှားရှားပါးပါး ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောကြားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ရုရှားသမ္မတပူတင်က မော်စကိုနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိသည့် တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် တယ်လီဖုန်းပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


