မော်စကို ဒီဇင်ဘာ ၅
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန် နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်တို့သည် လာမည့်ရက်ပိုင်းအတွင်း အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိကြောင်း ရုရှားသမ္မတ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေး ယူရီယူရှာကော့ဗ်က ယမန်နေ့က ပြောကြားခဲ့သည်။
ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဘိုင်ဒင်တို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ယခင်တွေ့ဆုံခဲ့စဉ် ရရှိခဲ့သည့် ယူကရိန်းအရေးကိစ္စ အပါအဝင် အာဖဂန်နစ္စတန်၊ အီရန်၊ လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံတို့၏ အခြေအနေများနှင့် စပ်လျဉ်းသည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရေး ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ယူရီယူရှာကော့ဗ်က ပြောကြားခဲ့သည်။
ရေနံဈေးကွက်၊ ရာသီဥတုပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတို့သည် ရုရှားသမ္မတ ပူတင်နှင့် အမေရိကန်သမ္မတ ဘိုင်ဒင်တို့တွေ့ဆုံဆွေးနွေးမှု၏ အဓိကခေါင်းစဉ်များဖြစ်လာနိုင်ကြောင်းလည်း ယူရီယူရှာကော့ဗ်က ပြောကြားခဲ့သည်။
ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဘိုင်ဒင်တို့ တွေ့ဆုံဆွေးနွေးမည့်ရက်ကို ယခုထိတိုင် မဆုံးဖြတ်ရသေးကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သော်လည်း ဒီဇင်ဘာ ၇ ရက်တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံနိုင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်