၁၁ ဒီဇင်ဘာ
အာဂျင်တီးနား သမ္မတက ရုရှားထုတ် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး Sputnik V ကို ပထမဆုံး အထိုးခံပြီး ပြည်သူတွေရဲ့ ကြောက်ရွံ့မှုကို ဖယ်ရှားမယ်လို့ ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ သမ္မတ အယ်ဘတ်တိုဖာနန်ဒတ်ဇ် က သူဟာ ကာကွယ်ဆေးကို ပထမဆုံး အထိုးခံခြင်းအားဖြင့် ဘယ်သူမှ ကာကွယ်ဆေးကို ကြောက်စရာမလိုတော့ကြောင်း၊ လူပေါင်း ၁၀ သန်း အတွက် ရုရားထုတ် ကာကွယ်ဆေးဝယ်ပြီးကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
အာဂျင်တီးနား ဆေးဝါး၊ အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေး ဌာနကနေ ရုရှားနိုင်ငံထုတ် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအား သုံးစွဲခွင့်ပြုလိုက်တာနဲ့ သမ္မတ က ကာကွယ်ဆေး ထိုးနှံခံမယ့် ပထမဆုံးသူ ဖြစ်မယ်လို့ ဆိုပါတယ်။ ပထမအကြိမ်အဖြစ် ကာကွယ်ဆေး အလုံး ၆၀၀,၀၀၀ လက်ခံရရှိပြီး ဖြစ်တဲ့အတွက် လူပေါင်း ၃၀၀,၀၀၀ ကို ဒီနှစ်မကုန်ခင် ထိုးနှံပေးသွားမယ်လို့ သမ္မတ က ပြောပါတယ်။ ရုရှားထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး Sputnik V ဟာ လူတစ်ဦးလျှင် ဆေးနှစ်လုံး ထိုးနှံရန် လိုအပ်ပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ လူပေါင်း ၅ သန်းကို ထိုးနှံရန် ပြင်ဆင်ထားပြီး ဝယ်ယူထားတဲ့ ဆေး ၁၀ သန်းအနက် ကျန်ရှိနေသေးတဲ့ ဆေးအလုံးရေဟာ ဖေဖော်ဝါရီလ အတွင်းမှာ ရရှိမှာဖြစ်ကြောင်း သမ္မတက ပြောပါတယ်။ ရုရှားထုတ် ကာကွယ်ဆေး Sputnik V အား နောက်ဆုံးအကြိမ် ဆေးဝါးစမ်းသပ်မှုတွင် လူပေါင်း ၄၀,၀၀၀ နီးပါးကို စမ်းသပ်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်အရ ၉၅ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ထုတ်လုပ်သူတွေက ကြေညာထားပါတယ်။
အာဂျင်တီးနား နိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၁ ဒသမ ၅ သန်းကျော်ရှိပြီး သေဆုံးသူဟာ ၄၀, ၄၃၁ ရှိကြောင်း ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP
