၂ အောက်တိုဘာ
ရုရှားဦးဆောင်သော အာရှနှင့်ဉရောပ စီးပွားရေးဆိုင်ရာ သမဂ္ဂထိပ်သီး အစည်းအဝေး (EAEU) သို့ အီရန်သမ္မတ ဟာဆန်ရိုဟာနီ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို အာမေးနီးယားနိုင်ငံ မြို့တော် ယေရေဗန်မြို့တွင် ယမန်နေ့က ကျင်းပခဲ့သည်။
ရုရှားဦးဆောင်သော အာရှနှင့်ဉရောပ စီးပွားရေးဆိုင်ရာ သမဂ္ဂထိပ်သီး အစည်းအဝေး (EAEU) တွင် ရုရှားနှင့် ကာဇက်စတန်နိုင်ငံတို့ အပါအဝင် ယခင်ဆိုဗီယက်သမ္မတနိုင်ငံ တို့ ပါဝင်သည်။
ရိုဟာနီသည် ဧည့်သည်တစ်ဦး အနေဖြင့် ယင်းအစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ( EAEU ) နှင့် အီရန် နိုင်ငံတို့အကြား အပြန်အလှန် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ရန် အခွန်နှုန်းထားများ လျော့ချရေးဆိုင်ရာ အစီအစဉ် တစ်ခုကို ဆွေးနွေးခဲ့သည်။
( EAEU ) နှင့် ကုန်သွယ်ရေး တိုးချဲ့ရန် အီရန်နိုင်ငံ အနေဖြင့် အသင့်ဖြစ်ကြောင်း ရိုဟာနီ က ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ပြီးခဲ့သည့်နှစ် အီရန်နျူကလီးယား သဘောတူစာချုပ်မှ နှုတ်ထွက်ပြီး အီရန်နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ပြန်လည်စတင်ခဲ့သည်။
မကြာသေးမီနှစ်များက ( EAEU ) အဖွဲ့ဝင် နိုင်ငံများသည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပို့ကုန် တိုးမြှင့်ခဲ့ကြသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို