ရှုထောင့်စုံနှင့် ရေရှည်တည်တံ့သော အဖြေရလဒ်

၂၈ မတ်

 

(၃၇)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေး၏ ရလဒ်များအပေါ် ဥရောပသမဂ္ဂ၏အမြင်သဘောထားဆိုသည်ကို အင်တာနက်စာမျက်နှာတွင် တွေ့မြင်ဖတ်ရှုရပါသည်။ ဤအင်တာနက်စာမျက်နှာအဖွင့်ပိုဒ်၌ ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Stavros Lambrinidis က တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကိစ္စတို့ကို ဗဟိုမဏ္ဍိုင်မထားပါက ကမ္ဘာကြီး၏ မည်သည့်အရေးကိစ္စကိုမျှ ဖြေရှင်းနိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်ကို တင်ပြထားပါသည်။ ကမ္ဘာ့ရေးရာကိစ္စရပ်တို့ကို ကိုင်တွယ်ဖြေရှင်းရာ၌ တရားဥပဒေစိုးမိုးမှုရှိရေးနှင့် လူ့အခွင့်အရေးရရှိရေးတို့ အရေးကြီးသည်မှာ အငြင်းပွားစရာအကြောင်းမရှိပါ။ သို့သော် တရားဥပဒေစိုးမိုးမှုရှိရေးနှင့် လူ့အခွင့်အရေးရရှိရေးတို့သည် တခြားသောအကြောင်းအရာများပေါ်တွင် လုံးဝမှီခိုမှုမရှိသည့် သီးခြားကင်းလွတ်နေသော အကြောင်းခြင်းရာများ မဟုတ်ပါ။ ဤအချက်သည် အဆိုပါအင်တာနက်စာမျက်နှာ အဖွင့်ပိုဒ်၌ ပျောက်ကွယ်နေပါသည်။

 

 

ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ တင်ပြချက်တွင် ဥရောပသမဂ္ဂမှ အဆိုပြုတင်သွင်းသည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆိုအပေါ် အစ္စလာမ် နိုင်ငံများအဖွဲ့အစည်း (IOC)ဝင် နိုင်ငံတို့က ထောက်ခံသည်ကို အလေးပေး ဖော်ပြထားပါသည်။ တစ်ဖန် ဥရောပသမဂ္ဂ၏ ကိုးကွယ်ယုံကြည်ရာ ဘာသာတို့၏ လွတ်လပ်ခွင့်နှင့်ပတ်သက်သော ကြိုးပမ်းမှုတို့ကို တင်ပြရာ၌လည်း အစ္စလာမ်နိုင်ငံများအဖွဲ့အစည်း (IOC) နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သည်ကို ဖော်ပြထားပါသည်။ ဥရောပသမဂ္ဂသည် ၎င်း၏သဘောထားအမြင်တို့ကို တင်ပြရာ၌ကမ္ဘာ့ပြည်သူတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာများအနက်မှ အဘယ်ကြောင့် ထိုအဖွဲ့အစည်းကိုသာ သီးခြားရွေးထုတ် မီးမောင်းထိုး တင်ပြရပါသနည်း။

 

ဥရောပသမဂ္ဂက စစ်ပွဲ၊ အကြမ်းဖက်မှု၊ နေရပ်စွန့်ခွာ ထွက်ပြေးမှုတို့ကြောင့် ကလေးသူငယ်တို့ ရင်ဆိုင်ကြုံတွေ့ရသော အတိဒုက္ခတို့ကို အလေးအနက်ထားတင်ပြထားပါသည်။ အမှန်တကယ် အလေးအနက်ထားထိုက်သော ကိစ္စရပ်များလည်း ဖြစ်ပါသည်။ သို့သော် ဥရောပသမဂ္ဂ၏ ဆီးရီးယားပြည်တွင်းစစ်ဆိုင်ရာ သဘောထားအမြင်တင်ပြရာတွင် ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဆီးရီးယားကလေးသူငယ်တို့ ရင်ဆိုင်ရလျက်ရှိသည့် အတိဒုက္ခတို့ကို သီးခြားရည်ညွှန်းဖော်ပြခဲ့ခြင်း မရှိပါ။

 

UNICEF ၏ သတင်းထုတ်ပြန်ချက်အရ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်း၌ ဆီးရီးယားကလေးသူငယ် ၅၀ဝ ကျော် အသတ်ခံခဲ့ရပါသည်။ တခြားသော ကလေးသူငယ် ၄၀ဝ ကျော်သည်လည်း ဖမ်းဆီးညှဉ်းပန်း အနှိပ်စက်ခံခဲ့ရပါသည်။ Syrian Observatory for Human Rights (SOHR) ၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်၊ မတ်လအလယ်အထိ ဆီးရီးယားကလေးသူငယ် နှစ်သောင်းနီးပါး သေဆုံးခဲ့ရပြီး ဖြစ်ပါသည်။ ကလေးသူငယ်တို့ ရင်ဆိုင်ရလျက်ရှိသော အတိဒုက္ခတစ်ချက်တည်းကို သုံးသပ်ကြည့်လျှင်ပင် ဆီးရီးယားပြည်တွင်းစစ်၏ အတိဒုက္ခ အတိုင်းအဆသည် ရခိုင်ပြည်နယ်အရေးထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားပါသည်။ သို့သော် ဥရောပသမဂ္ဂသည် ရခိုင်ပြည်နယ်အရေးသည် ကမ္ဘာ၌ နှိုင်းယှဉ်စရာမရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်နေသည့် သဘောမျိုး တင်ပြထားပါသည်။ ဤသည်မှာလည်း ရှင်းပါသည်။ ဆီးရီးယား ပြည်တွင်းစစ်၌ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ ပါဝင်ပတ်သက်နေသည်ဖြစ်၍ တစ်စုံတစ်ရာ တိကျသောအရေးယူမှု ဆောင်ရွက်ရန် ဥရောပသမဂ္ဂက လက်ရှောင်နေခြင်းဖြစ်ပါသည်။ ဆီးရီးယားပြည်တွင်းစစ်၏ အခြေခံ အကြောင်းရင်းများတွင် လူ့အသိုက်အဝန်းအတွင်း ကိုးကွယ်ယုံကြည်ရာ ဘာသာမတူကွဲပြားမှု၏ ပဋိပက္ခသည်လည်း အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ တင်ပြလိုသည်မှာ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးရရှိရေးသည် တခြားသောအကြောင်းခြင်းရာတို့အပေါ်တွင် မှီခိုမှုမရှိသည့် သီးခြားလွတ်ကင်းနေသည့် အကြောင်းတရားတို့ မဟုတ်ပါ။ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးရရှိရေးတို့ကို ဖော်ဆောင်ရာ၌ တခြားသော အကြောင်းခြင်းရာတို့ကို ထည့်သွင်းစဉ်းစားလျက် ဆက်စပ်သုံးသပ် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ကိစ္စရပ်တို့ကို ရှုထောင့်ပေါင်းစုံမှ ခြုံငုံသုံးသပ်မှသာ ရေရှည်တည်တံ့သည့် အဖြေရရှိမည်ဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ 

 

 မြန်မာ့အလင်း